တရုတ်နိုင်ငံက ပြည်တွင်းထုတ် C919 လေယာဉ်များမှတဆင့် ကမ္ဘာ့လေကြောင်းအာကာသဈေးကွက်တွင် နေရာတစ်ခု ရယူနိုင်ရန် မျှော်မှန်းထားသည်။
ကိုယ်ထည်ကျဉ်း (narrow-body) အမျိုးအစား C919 သည် အမေရိကန်နိုင်ငံထုတ် Boeing 737 နှင့် ဥရောပထုတ် Airbus A320 တို့ကို ယှဉ်ပြိုင်နိုင်မည့် လေယာဉ်အဖြစ် တရုတ်က ရည်ရွယ်ထားသည်။ သို့သော် လက်ရှိအချိန်အထိ C919 သည် အမေရိကန်နှင့် ဥရောပ လေကြောင်းအာဏာပိုင်များထံမှ ပျံသန်းခွင့်ဆိုင်ရာ အတည်ပြုချက်များ ရရှိထားခြင်း မရှိသေးပေ။
ပေကျင်းအစိုးရအနေဖြင့် ပြည်တွင်းထုတ်လေယာဉ်များ အသုံးပြုခြင်းဖြင့် နိုင်ငံခြား နည်းပညာအပေါ် မှီခိုနေရမှုကို လျှော့ချပြီး ကမ္ဘာ့လေကြောင်းဈေးကွက်တွင် တရုတ်လေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ခြေကုပ်တခု ရရှိလာမည်ဟု မျှော်လင့်ထားသည်။
တရုတ်အစိုးရပိုင် Commercial Aircraft Corporation of China (COMAC) က ထုတ်လုပ်ပြီး Air China က ပြေးဆွဲသည့် C919 လေယာဉ်သည် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းမြို့မှ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတောမြို့သို့ ပထမဆုံး နိုင်ငံတကာ စီးပွားဖြစ်ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည်။
လေယာဉ်သည် ပေကျင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၇ မိနစ်တွင် ထွက်ခွာခဲ့ပြီး အူလန်ဘာတောသို့ ညနေ ၄ နာရီ ၅၈ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း လေယာဉ်ခရီးစဉ် အချက်အလက်များအရ သိရသည်။
ပေကျင်းမြို့ Capital International Airport တွင် လေယာဉ်စီးရန် စာရင်းသွင်းခဲ့သည့် ခရီးသည် ဟူယွမ်က ပြည်တွင်းထုတ်လေယာဉ်ဖြင့် နိုင်ငံတကာခရီးစဉ် ပထမဆုံးအကြိမ် စီးနင်းရခြင်းအတွက် “ဂုဏ်ယူမိသည့် ခံစားချက်” ရရှိကြောင်း AFP သို့ ပြောသည်။
အသက် ၄၀ အရွယ် ဟူက တရုတ်ပြည်တွင်းထုတ်လေယာဉ်များအနေဖြင့် သက်တောင့်သက်သာရှိမှုနှင့် ခရီးသည်များ၏ စုစုပေါင်း ခရီးသွားအတွေ့အကြုံများကို ဆက်လက်မြှင့်တင်ကာ Boeing နှင့် Airbus တို့ကိုပင် ကျော်လွန်နိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။
C919 သည် တရုတ်နိုင်ငံထုတ်ဖြစ်သော်လည်း နိုင်ငံခြားအစိတ်အပိုင်းများ အသုံးပြု
C919 ကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော်လည်း လေယာဉ်၏ အစိတ်အပိုင်းအချို့ကို အမေရိကန် အပါအဝင် ပြည်ပနိုင်ငံများမှ ရယူအသုံးပြုထားသည်။
Air China ၏ ပေကျင်း–အူလန်ဘာတော လမ်းကြောင်းကို တနေ့လျှင် အသွားအပြန်ခရီးစဉ် တကြိမ် ပြေးဆွဲသွားမည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဇူလိုင်လတွင် ဖော်ပြထားသည်။
C919 သည် ၂၀၂၃ ခုနှစ် မေလတွင် ပထမဆုံး စီးပွားဖြစ်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှ ပေကျင်းသို့ ပျံသန်းခဲ့သည်။
ထိုအချိန်မှ စတင်ကာ C919 များကို တရုတ်ပြည်တွင်း စီးပွားဖြစ်လေကြောင်းခရီးစဉ်များတွင် ပုံမှန် အသုံးပြုလာခဲ့ပြီး တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြား ခရီးစဉ်များတွင်လည်း ပြေးဆွဲခဲ့သည်။
ကမ္ဘာ့ဈေးကွက်သို့ ခြေလှမ်းစတင်
COMAC သည် C919 ကို နိုင်ငံတကာလေကြောင်းပြပွဲများတွင်လည်း မိတ်ဆက်ပြသခဲ့သည်။
C919 ကို ၂၀၂၄ နှင့် ၂၀၂၆ ခုနှစ် စင်ကာပူလေကြောင်းပြပွဲများနှင့် ၂၀၂၅ ခုနှစ် ဒူဘိုင်းလေကြောင်းပြပွဲများသို့ ပို့ဆောင်ပြသခဲ့သည်။
COMAC သည် C919 ထက် သေးငယ်သည့် C909 လေယာဉ်များဖြင့် နိုင်ငံခြားဈေးကွက်များသို့ ဝင်ရောက်ရန်လည်း ခြေလှမ်းပြင်ထားပြီး C909 သည် ခရီးသည် ၇၈ ဦးမှ ၉၇ ဦးအထိ တင်ဆောင်နိုင်သည့် လေယာဉ်အမျိုးအစားဖြစ်သည်။
C919 ၏ ပထမဆုံး နိုင်ငံတကာ စီးပွားဖြစ်ခရီးစဉ်သည် တရုတ်၏ ကိုယ်ပိုင်လေယာဉ်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး Boeing နှင့် Airbus တို့က အဓိကလွှမ်းမိုးထားသည့် ကမ္ဘာ့ခရီးသည်တင်လေယာဉ်ဈေးကွက်တွင် တရုတ်က ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေမှုကို ပိုမိုထင်ရှားစေသည့် ဖြစ်ရပ်တခုပဲ ဖြစ်သည်။
AFP မှ China’s C919 jet makes first international commercial flight ကို မိုးသဲ ဘာသာပြန်သည်။



No comments:
Post a Comment
Note: Only a member of this blog may post a comment.