လူဖြစ်လာသည်နှင့် လူနှင့်လူ့ပတ်ဝန်းကျင်တွင် ပြဿနာတစ်ခုခုကို နေ့စဉ်လိုလို ကြုံတွေ့ရမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ အိမ်ထောင်စုတစ်ခုအတွင်း၊ လုပ်ဖော်ကိုင်ဖက်များအတွင်း၊ လုပ်ငန်းခွင်အတွင်း အငြင်းပွားမှုများ ကြံုတွေ့လာရပြီး အဆိုပါကိစ္စရပ်များကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်းသည်သာ အောင်မြင်မှုအများဆုံးဖြစ်သည်ကို လက်တွေ့ဘဝတွင် မြင်တွေ့ နိုင်ပါသည်။
ထို့အတူ စက်ရုံ၊အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများဖြစ်နေသည်မှာ အထက်တွင်ဖော်ပြ သကဲ့သို့ ထူးခြားသည့်ကိစ္စရပ်များမဟုတ်သော်လည်း အလုပ်ရှင်၊ အလုပ်သမားတို့သည် အကျိုးစီးပွားဖက်ဖြစ်သည်ဟု ရှုမြင်ပြီး နှစ်ဦးနှစ်ဖက်စလုံးက ကိုယ်ချင်းစာတရား ထားရှိမည်ဆိုလျှင် အငြင်းပွားမှုများ မရှိသလောက်လျော့နည်းသွား မည်ဖြစ်ပါသည်။
အငြင်းပွားမှုများအနက် အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားများ အလုပ်ရပ်စဲခံရမှုများဖြစ်ပေါ် လျက်ရှိပြီး အလုပ်ရပ်စဲမှုဖြစ်ပေါ်လာရခြင်းမှာ အလုပ်ရှင်စီးပွားရေးမကောင်းသဖြင့် လုပ်ငန်းကို တစ်စိတ်တစ်ဒေသ ဆက်လက်မလည်ပတ်နိုင်တော့ခြင်းနှင့် လုံးဝမလည်ပတ်နိုင်တော့ခြင်း၊ အလုပ်ရှင်မှ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းနေရာရွှေ့ပြောင်းသွားခြင်း၊ အလုပ်ရှင်၊ အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေမှုများမှတစ်ဆင့် အငြင်းပွားမှုဖြစ်ပွားခြင်းတို့ကြောင့် အလုပ်မှရပ်စဲခံရခြင်းများ ဖြစ်ပွားခဲ့ရပါသည်။
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ လူမှုအကျိုးစီးပွား တရားမျှတမှု ရှိစေရန်၊ ဥပဒေပါအခွင့်အရေးများ ရရှိခံစားစေရန် ရည်ရွယ်၍ အလုပ်သမားဥပဒေများကို ခေတ်အဆက်ဆက် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
ထိုသို့ပြဋ္ဌာန်းသည့် ဥပဒေများအနက် အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းခြင်း၊ အဆုံးအဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ခဲ့သော ၁၉၂၉ ခုနှစ် ဝါဏိဇ္ဇပဋိပက္ခမှု အက်ဥပဒေ (The Trade Disputes Act, 1929) သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
ထိုဥပဒေအရ မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝါဏိဇ္ဇပဋိပက္ခမှု အယူခံကော်မတီများနှင့် ဗဟိုဝါဏိဇ္ဇပဋိပက္ခမှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဗဟိုဝါဏိဇ္ဇပဋိပက္ခမှုကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်ပါသည်။ ထိုသို့အငြင်းပွားမှုများအနက် အကြောင်းအချက်တစ်ရပ်ဖြစ်သည့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှရပ်စဲခံရသည့် အလုပ်သမားများအတွက် အလုပ်ရပ်စဲမှုနစ်နာကြေးနှင့်စပ်လျဉ်း၍ မည်သို့သတ်မှတ်ပေးချေရမည်ကို ဥပဒေ၊ နည်းဥပဒေ၊ အမိန့်တို့တွင် ယနေ့အထိ ထုတ်ပြန်ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် အဆိုပါအလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများနှင့် စပ်လျဉ်း၍ ဗဟိုဝါဏိဇ္ဇပဋိပက္ခမှုကော်မတီက အမှုအကြောင်းခြင်းရာကိုမူတည်၍ သုံးသပ်ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို သာဓကပြု၍ ယနေ့အထိ အကိုးအကားပြုပြီး အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲခံရမှုများအတွက် အောက်ပါအတိုင်းပေးချေရန် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပေးလျက်ရှိပါသည်-
(က) လုပ်သက် သုံးလ မပြည့်သူများအား နို့တစ်ကြေးတစ်လစာ၊
(ခ) လုပ်သက် သုံးလမှ တစ်နှစ်အထိရှိသူများအား နို့တစ်ကြေး တစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး တစ်လစာ၊ ပေါင်း နှစ်လစာ၊
(ဂ) လုပ်သက် တစ်နှစ်မှ နှစ်နှစ်ရှိသူများအား နို့တစ်ကြေး တစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး နှစ်လစာ၊ ပေါင်း သုံးလစာ၊
(ဃ) လုပ်သက်နှစ်နှစ်မှအထက်ရှိသူများအား နို့တစ်ကြေး တစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး သုံးလစာ၊ ပေါင်း လေးလစာ၊
(င) လုပ်သက်သုံးနှစ်မှအထက်ရှိသူများအား နို့တစ်ကြေး တစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး လေးလစာ၊ ပေါင်း ငါးလစာ၊
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တည်ဆဲအလုပ်သမားဥပဒေများအား ခေတ်ကာလနှင့်လျော်ညီမှုရှိစေရန်၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ပြင်ဆင်ရေးဆွဲခြင်း၊ ဖျက်သိမ်း၍အသစ်ရေးဆွဲခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ The Trade Disputes Act, 1929 အား ရုပ်သိမ်း၍ ၂ဝ၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို အသစ်ရေးဆွဲ ပြဋ္ဌာန်းကာ အလုပ်သမားရေးရာအငြင်းပွားမှုများကို ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဆွေးနွေးဆုံးဖြတ်ပေးလျက်ရှိ ပါသည်။
The Trade Unions Act, 1926 ကို ပယ်ဖျက်၍ ၂ဝ၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့သဖြင့် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ စက်ရုံ၊အလုပ်ရုံများတွင် အခြေခံအလုပ်သမားအဖွဲ့ အစည်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါသည်။
အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ၏ ထိတွေ့ဆက်ဆံမှု အားနည်းချက်များကြောင့် သဘောထားအမြင်များကွဲပြားလာရာ လုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေမှုများမှတစ်ဆင့် ကုန်ထုတ်စွမ်းအား လျော့နည်းခြင်း၊ လူမှုဆက်ဆံရေးအဆင်မပြေမှုများကို အကြောင်းပြ၍ အလုပ်ရှင်က အလုပ်သမားများအား အလုပ် ရပ်စဲခံရမှုများသည် ပို၍များလာသည်ကို လေ့လာတွေ့ရှိရပါသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် လုပ်ငန်းခွင်တည်မြဲရေးကို ရှေးရှုလျက် အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပွားသောအငြင်းပွားမှုများကို ၂ဝ၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်စနစ်ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ခုံသမာဓိ အဖွဲ့များနှင့် ခုံသမာဓိကောင်စီအဆင့်ဆင့်တို့ဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဖြေရှင်းဆောင်ရွက် ရာတွင် အလုပ်ရပ်စဲခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်အရ အလုပ်သမားအား အလုပ်ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်သကဲ့သို့ အငြင်းပွားမှုပေါ်ပေါက်သော အကြောင်းအရာပေါ် မူတည်၍ အလုပ်ရပ်စဲမှုနစ်နာကြေးပေးရမည့် ကိစ္စရပ်များတွင် ထိုက်သင့်သော နစ်နာကြေးရရှိရန်အတွက် ၎င်းတို့ အလုပ်လုပ်ကိုင်ခဲ့သည့် လုပ်သက်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားနိုင်စေရေး ကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ်လာပါသည်။
ထိုသို့အလုပ်သမားများ အလုပ်ရပ်စဲခံရမှုများ မဖြစ်ပေါ်စေရေးနှင့် အလုပ်ရပ်စဲမှုခံရပါက သင့်တော်သည့် နစ်နာကြေးနှုန်းထားများ ရရှိခံစားနိုင်စေရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားများ သတ်မှတ်ရန် လိုအပ်လာသဖြင့် ၂ဝ၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေ ၃၅ တွင် ''အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများကို အမိန့်ကြော်ငြာစာဖြင့် အခါအားလျော် စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည်'' ဟုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၅(ဃ) တွင် ''အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စ ပေါ်ပေါက်လာလျှင် အလုပ်ရှင်က အလုပ်သမားအား သတ်မှတ်ထားသော နစ်နာကြေးပေးရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ရမည်''ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိ၍ နစ်နာကြေးနှုန်းထားများ သတ်မှတ်နိုင်ရန် အလွှာအသီးသီးရှိ သက်ဆိုင်ရာ မိတ်ဖက် ဌာနအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားများကို သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်(တောင်သူလယ်သမား၊အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ)၊ ခုံသမာဓိကောင်စီဝင်များ၊ ဥပဒေ ပညာရှင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များကိုဖိတ်ကြား၍ သုံးကြိမ် ဆွေးနွေးခဲ့ပါ သည်။ ထို့အပြင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်း ၄၄ သင်းတို့မှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ တစ်ကြိမ်စီ ဆွေးနွေးခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးချက်များမှ ရရှိခဲ့သည့် အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ယာယီမြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ ယာယီမြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF)နှင့် ယာယီ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM)များသို့ သဘောထား တောင်းခံခဲ့ရာ ရရှိသည့်သဘောထားအကြံပြုချက်များအား နှိုင်းယှဉ်ချက်ဇယားပြုစုပြီး ၁၅-၅-၂ဝ၁၅ ရက်နေ့တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဦးဆောင်၍ UMFCCI ၊ CTUM ၊ MTUF ၊ AFFM တို့မှ ကိုယ်စားလှယ်များဖြင့် အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားများကို သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးချက်များအရ အလုပ်မှရပ်စဲခံရသောအလုပ်သမားများအား အလုပ်ရှင်ကပေးရမည့် နစ်နာကြေးနှုန်းထားများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၃- ရ -၂ဝ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၈၄ /၂ဝ၁၅ ) ဖြင့် အောက်ပါအတိုင်း သတ်မှတ်ကြေညာနိုင်ခဲ့ပါသည်-
(က) လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ၊
(ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ၊
(ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေးတစ်လခွဲလစာ၊
(ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ၊
(င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ၊
(စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ၊
(ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ၊
(ဇ) လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး ၂ဝ နှစ်မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊
(စျ) လုပ်သက် ၂ဝ နှစ်ပြည့်ပြီးနှင့် ၂၅ နှစ်မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ၊
(ည) လုပ်သက် ၂၅ နှစ်နှင့် အထက်ရှိပါက နစ်နာကြေး ၁၃ လစာ၊
သို့ဖြစ်ရာ အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ အလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များအား ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးချက်များအရ အကြောင်း အမျိုးမျိုးကြောင့် အလုပ်မှရပ်စဲခံရသည့် အလုပ်သမားများအတွက် သင့်လျော်သည့် အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်း ထားများကို ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း အသိပေးရေးသားတင်ပြလိုက်ရပါသည်။ ။ ကိုမြင့်ကြွယ်(ဥပဒေ)
No comments:
Post a Comment
Note: Only a member of this blog may post a comment.