Breaking

October 31, 2019

ဂူတာပြင် ဖြစ်စဉ် စစ်တရားရုံး နဲ့စစ်ဆေး မယ်လို့ တပ်မတော် ထုတ်ပြန်

 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်တရားရုံးက စစ်ဆေးဖို့အတွက် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးက ဥပဒေအကြံပြုချက် တောင်းခံတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဂူတာပြင်ကျေးရွာဟာ လုံခြုံရေးအဖွဲ့ဝင်တွေက လူပေါင်း ၄၀၀ လောက်ကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နေရာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌ အဖြစ်ဦးဆောင်တဲ့ ခုံရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စစ်ဖက်တရား စီရင်ရေးအတိုင်း ဆက်လက်လုပ်ဆောင်နေတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ သတင်းတိုဖော်ပြထားပါတယ်။

ကျူးလွန်ခဲ့သူတွေကို စစ်ဆေးပေါ်ပေါက်ခဲ့မယ်ဆိုရင် စစ်စည်းကမ်းအရ အရေးယူမယ်လို့ဆိုပြီး တပ်မတော်က သြဂုတ်လမှာ ထုတ်ပြန်ကြေညာခဲ့ပြီးပါပြီ။

ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဘူးသီးတောင်နဲ့ မောင်တောနယ်မြေတွေကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ သွားရောက် စစ်ဆေးခဲ့ကြပါတယ်။

နှစ်ကြိမ် စစ်ဆေးတွေ့ရှိချက်တွေအရ ဂူတာပြင်ကျေးရွာ ဖြစ်ရပ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာ တွေ့ရတဲ့အတွက် စစ်စည်းကမ်းအရ အရေးယူရမယ်ဆိုပြီး တပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ထွက်ပေါ်လာတဲ့ စစ်တရားရုံးနဲ့ စစ်ဆေးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး လူသေအလောင်းတွေကို မြှုပ်နှံထားတဲ့ ကျင်း ငါးကျင်းမှာ သုံးကျင်းဟာ ရွာရဲ့မြောက်ဘက်အဝင် လမ်းမကြီးရဲ့အနီးမှာရှိပြီး နောက်ထပ် ကျင်းအကြီး နှစ်ခုကတော့ ရွာရဲ့သုသာန်နားမှာမြှုပ်နှံထားတာဖြစ်တယ်လို့ AP သတင်းဌာနက စွပ်စွဲရေးသားထားခဲ့ပါတယ်။

မျက်နှာကို အက်စစ်ငရဲမီးတွေနဲ့ ဖျက်ဆီးခဲ့တဲ့လက္ခဏာတွေ အဲဒီအလောင်းတွေမှာ တွေ့ရပြီး ရွာကို တောင်နဲ့ မြောက် နှစ်ဘက်ညှပ်ပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ AP သတင်းဌာနက ရေးသား ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့တုန်းကတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘူးသီးတောင်၊ မောင်တော ဒေသမှာ တပ်မတော်ရဲ့ စုံစမ်းအရေးယူဆောင်ရွက်နေမှုဟာ AP သတင်းဌာနရဲ့ရေးသားချက်နဲ့ လုံး၀ မသက်ဆိုင်ဘူးလို့  ပြောခဲ့ပါတယ်။

"တိုက်ပွဲအတွင်းမှာ ARSA သောင်းကျန်းသူ ၁၉ ဦး သေဆုံးခဲ့တယ်။ အဲဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ် မြတ်ကျော် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဒါထပ်မံပြီးတော့ အသေးစိတ် စစ်ဆေးတာ ဖြစ်တယ်။ ဒီဆောင်ရွက်ချက်သည် AP သတင်းဖော်ပြချက်နဲ့ လုံး၀ မပတ်သက်ပါ ဘူး…… ကျနော် ထပ်ပြောပါတယ် ဒါ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး"

ခုလိုမျိုး စစ်တရားရုံးကနေ စီရင်မယ်ဆိုတာကို တရားစီရင်ရေးအပိုင်းမှာ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ လိုတယ်လို့ ရခိုင်အရေးလေ့လာသူ အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးသာအေးက RFA ကို ဒီကနေ့ ပြောပါတယ်။

"တရားစီရင်ရေးအပိုင်းရယ် နောက် ရှေ့နေအပိုင်းရယ် တရားလို တရားခံ အပိုင်းရယ် လွတ်လပ်မှုရှိဖို့ တော့လိုတယ် လွတ်လပ်မှုမရှိဘူးဆိုရင် တရားမျှတမှုဖော်ဖို့ ခက်မယ်လို့ ထင်တယ်"

စစ်ခုံရုံးဖြစ်တဲ့အတွက် တရားစီရင်ရေးမှာ အရပ်ဖက် တရားစီရင်ရေးလိုတော့ ပွင့်လင်းမြင်သာမှု ရှိမှာ မဟုတ်ပေမယ့် နိုင်ငံတကာ စိတ်ဝင်စားတဲ့ အမှုဖြစ်နေတာကြောင့် တပ်မတော်အနေနဲ့ ပွင့်ပွင့်လင်း လင်း ထုတ်ပြန်မယ်လို့ ယူဆရတယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

စစ်ဖက်တရားစီရင်ရေးမှာ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ မျက်မြင်သက်သေတွေ မိသားစုဝင်တွေရဲ့ အသံတွေ ပါဝင်နိုင်ပြီး တရားလိုတွေက ပါဝင်ပတ်သက်နိုင်မှာဖြစ်တယ်လို့ တပ်မတော်မှာ တာဝန်ယူခဲ့ ဖူးတဲ့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

"သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသူတဲ့ သက်သေတွေ အကုန်လုံးကို ခေါ်ပြီးစစ်မှာ ဖြစ်တယ်လို့တော့ ကျွန်တော့်အနေနဲ့ လေ့လာသိရှိထားရပါတယ်။ မစစ်လို့လည်းမရဘူး ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိရအောင်ဆိုရင်တော့ အရပ်ဖက်က သက်တွေ အကုန်ခေါ်ပြီး စစ်မှာပဲ ဒီလိုမြင်ပါတယ်"

လက်နက်ကိုင်အင်အားစုတွေရဲ့ ကျူးလွန်မှုတွေကို လက်နက်ကိုင် အဖွဲ့အစည်းရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်က ဆုံးဖြတ်နိုင်တယ် ဒါ တရားမျှတမှုရှိမရှိ စဉ်းစားကြည့်နိုင်ပါတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ပွင့်လင်းမြင်သာမှုမရှိဘူး လက်နက်ကိုင်အင်အားစုတွေရဲ့ ကျူးလွန်မှုတွေကို လက်နက်ကိုင်အဖွဲ့ အစည်းရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်က အားလုံး အပြစ်လည်းလွှတ်နိုင်တယ် အဲ့တော့ ဘယ်လိုတရားမျှတမှုရှိတယ်ဆိုတာတော့ စဉ်းစားလို့ ရနိုင်ပါတယ်"

ဂူတာပြင်ရွာဖြစ်ရပ်နဲ့ ပတ်သက်လို့ သတင်းမီဒီယာမှာ ဖော်ပြပြီးနောက် နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း မြန်မာအာဏာပိုင်တွေကို ဖိအားပေးခဲ့ပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ သတင်းဖြစ်တာကြောင့် နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ပွင့် လင်းမြင်သာမှုတွေကို စစ်တရားရုံးက ထုတ်ပြန်ဖို့လိုတယ်လို့ ရန်ကုန်မြို့က နိုင်ငံရေး၊ စစ်ရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

"နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ တရားစီရင်ရေးဖြစ်ဖို့လိုတယ် ဒီဘင်္ဂလီပြဿနာက နိုင်ငံတကာ ပြဿနာအဖြစ် ပုံဖော်ခံနေရတဲ့အချိန်မှာ ဒါကို ပိုဂရုစိုက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်"

အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေက အဲဒီ ဂူတာပြင်ဖြစ်ရပ်မှာ တာဝန်ရှိသူ တွေကို ဖော်ထုတ်အရေးယူပေးဖို့ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.