Breaking

December 4, 2019

ရိုဟင်ဂျာဟူသောအသုံး မကြားဖူးဟု ဆိုသူများ အသိပညာနုံခြာဟု ဝေဖန်ခံရ

မြန်မာနိုင်ငံတွင်းနေထိုင်သည့် သတင်းစာဆရာများဖြစ်ပါလျက် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မကြာမီက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ- ရိုဟင်ဂျာ ပဋိပက္ခအပြီးမှ ကြားဖူးကြောင်း ပြောကြားခဲ့သည့် ရခိုင်သတင်းစာ ဆရာများအသင်းသည် အလွန်ညံ့ဖျင်း၍ အသိဉာဏ်နုံခြာ သူများဖြစ်သဖြင့် ၎င်းတို့၏စကားကို လက်ခံစဉ်းစားရန်ပင် မလိုကြောင်း သမိုင်းပညာရှင် တစ်ဦးက ပြောကြားလိုက်သည်။

ရိုဟင်ဂျာဟူသော စကားရပ်ကို ကြားဖူးသည်မှာ လပိုင်းခန့်သာ ရှိသေးကြောင်း၊ ရခိုင် သတင်းစာဆရာများ အသင်းက မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဥက္ကဋ္ဌ ဦးမောင်ဝံသနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း မြန်မာ့မီဒီယာ အချို့၏ သတင်းဖော်ပြချက် များအရ သိရသည်။

“တိုင်းရင်းသား ဖြစ်တာ၊ မဖြစ်တာက ဒုတိယအဆင့် ကိုယ့်နာမည်ကိုယ်ပေးပိုင်ခွင့်ရှိရမယ်။ ဒါလူ့အခွင့်အရေးပဲ။ ဥပမာ ကရင်နီကို .....

ကယားလို့ပြောင်းတယ်၊ ဒါကို ဘယ်သူမှ ပြောလို့မရဘူး။ ပြီးတော့ ဘင်္ဂါလီက သပ်သပ်ပါ။ သူတို့ကိုယ်သူတို့ ဘင်္ဂါလီလို့ပဲသုံးတာ။ ရိုဟင်ဂျာတွေအားလုံးကလည်း သူတို့ကိုယ် သူတို့ အကွဲအလွဲမရှိ၊ ရိုဟင်ဂျာလို့ပဲသုံးတယ်။” ဟု သမိုင်းပညာရှင်တစ်ဦးက myanmarmuslim.netသို့ ပြောကြားသည်။

“ဒီလို ဖော်ပြနေတာတွေဟာ မြန်မာ့သတင်းသမားတွေကိုယ်တိုင် မသိလို့လား။ ဒါမှမဟုတ် အခုထက်ထိ သိသိသာသာ ဘက်လိုက်နေတာလား။ ရိုဟင်ဂျာဘာသာစကားနဲ့ မြန်မာ့အသံ တိုင်းရင်းသား ဘာသာစကား အစီအစဉ်ကနေ ၂နှစ်လောက် အသံလွှင့်ခဲ့တာကို ကျွန်တော်တို့လို သတင်းသမားမဟုတ်တဲ့ သာမန်လူတောင် သိတယ်။”ဟု မြန်မာမွတ်စလင် ကျောင်းသားလူငယ် တစ်ဦးကလည်း ထင်ရှားသည့် လိမ်လည်မှုကို သတင်းလုပ်ဖော်ပြနေ သည့် ပြည်တွင်းမီဒီယာ အချို့အပေါ် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့သည်။

ပြည်တွင်းမီဒီယာများသည် ရခိုင်ပဋိပက္ခ၌ “အမျိုးသားရေးအမြင်ဖြင့် ရေးသားဖော်ပြ”ဟူသော စကားလုံးဖြင့် သမ္မတ ဦးသိန်းစိန်က ဗွီအိုအေနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းက ပြည်တွင်းမီဒီယာများ၏ ဘက်လိုက်ရေးသားမှုကို ပိုမိုပေါ်လွင်စေခဲ့သည်။

ရိုဟင်ဂျာမရှိဟု ဆိုကြသည့် ရခိုင်သတင်းစာဆရာများ အသင်းက ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းက ဒေသခံ ရခိုင်(ဗုဒ္ဓဘာသာ)များ က မကြိုက်ဟုလည်းပြောကြားထားသည်။

“ဒါဆို ဒီဘက်ကလည်း သူတို့ကို ဒေသအခေါ် မောက်(Maug)လို့ခေါ်ရင် သူတို့လက်ခံမှာလား။ ဒါ့ကြောင့် ရခိုင် (ဗုဒ္ဓဘာသာ)တွေဟာ ဥပဒေက ပေးရမယ့် အခွင့်အရေးကိုတောင် ရိုဟင်ဂျာတွေအပေါ် မပေးချင်ဘူး လို့ သမ္မတရုံးရဲ့ သုံးသပ်ချက်မှာ ပြောထားတာ ဖြစ်ပါလိမ့်မယ်”ဟု သမိုင်းပညာရှင် တစ်ဦးက ဆက်လက် သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ၂၅-၉-၁၉၅၄ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတွင် ဘူးသီးတောင်၊ မောင်တောရှိ ရိုဟင်ဂျာ လူမျိုးများမှာ မွတ်စလင်များဖြစ်ကြောင်း မိန့်ကြားဖူးသကဲ့သို့၊ ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း ၃-၁၁-၁၉၅၉ နှင့် ၄-၁၁-၁၉၅၉ ဘူးသီးတောင် မောင်တော လူထုအစည်းအဝေးပွဲတွင် ရိုဟင်ဂျာ လူမျိုးများသည် အခြားတိုင်းရင်းသားများနှင့် တန်းတူ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြောင်း ရာဇဝင်အထောက်အထား များနှင့်တကွ အသံလွှင့်ကြေညာခဲ့ဖူးသည်။ ထို့အပြင် ၁၉၆၁ မေ ၁၅ မှစ၍ မြန်မာ့အသံ တိုင်းရင်းသားဘာသာ အစီအစဉ်မှ ရိုဟင်ဂျာဘာသာစကား အစီအစဉ်ကို ရိုဟင်ဂျာဘာသာစကားဖြင့် ထုတ်လွှင့်ပေးခဲ့သည်။ ၁၉၆၄ စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) တွင် မေယုနယ်ခြားခရိုင်(ဘူးသီးတောင်၊ မောင်တော)တွင် လူဦးရေ ၄သိန်း၊ ၅ သိန်းခန့်ရှိရာ ၇၅ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀-၁၁-၁၉၆၁ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ ဗဟိုအစိုး၏ ဆုံးဖြတ်ချက်နှင့်အညီ ရိုဟင်ဂျာလူမျိုးများမှာ တိုင်းရင်းသား များဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်မွတ်စလင်ဟူသော စကားလုံးအစား ရိုဟင်ဂျာဟု သုံးစွဲခွင့်ပြုကြောင်း ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီ (UNDP)မှ ၁၉၉၂၊ ဖေဖော်ဝါရီလထုတ် သတင်းလွှာတွင် ဖော်ပြထားသည်။

ရခိုင်မွတ်စလင်(ဝါ) ရိုဟင်ဂျာဟူသော တိုင်းရင်းသားများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ တိုင်းရင်းသား လူမျိုးစာရင်းမှ ငြင်းပယ်ခံခဲ့ရသည်။ Ammesty International က ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု၌ရှိသော လူ့အခွင့်အရေး ကာကွယ်ရန်တာဝန်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ကြီးမားသော ခွဲခြားဆက်ဆံမှုဖြစ်သည်ဟု သုံးသပ်ထားသည်။၂-၄-၂၀၀၇ တွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအတွက် အထူးအရာရှိ ၆ ဦး၏ ပူးတွဲကြေညာချက် တွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်များ နိုင်ငံသား အခွင့်အရေး ငြင်းပယ်ခံနေရကြောင်း မိမိတို့၏ အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခွင့်မရကြောင်း ချုပ်ချယ်တားဆီးမှုများစွာ ခံနေရကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ထောင်ပေါင်း များစွာ ထွက်ပြေးနေကြရာ ဒေသတွင်း လူမှုရေး ဆိုင်ရာ ရှုပ်ထွေးမှုများ ပေါ်ပေါက်နေရကြောင် း ဖော်ပြထားသည်။

ထို့ပြင် ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် အညီ ပြင်ဆင်သင့်ကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်၍ တိုက်တွန်းထားသည်။
http://www.myanmarmuslim.net/

မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.