* မြန်မာအစိုးရက အရေးယူတဲ့အခါ အိန္ဒိယဘုရင်ခံချုပ်ကို လှမ်းပြီး တိုင်တောကြပါတယ်။ မြန်မာဘုရင်အစိုးရကလည်း အရေးမယူလို့ ဘယ်ဖြစ်ပါ့မလဲ။ မြန်မာအစိုးရလက်အောက်နေရင် မြန်မာအစိုးရဥပဒေကို လိုက်နာကျင့်သုံးရမှာက နိုင်ငံခြားသားတိုင်းရဲ့ တာဝန် ဆိုတာကို တမင်တကာ မေ့ထားကြတယ်။ မြန်မာအစိုးရအနေနဲ့ကလည်း ကိုယ့်ဥပဒေနဲ့ကိုယ် အုပ်ချုပ်နေတော့ ကျူးကျော်လာတဲ့ ကုလားဖြူတွေကို အရေးမယူနိုင်ဘူးဆိုရင် သိက္ခာတစ်ပြားသားမှ ရှိတော့မှာ မဟုတ်ဘူး။
* ဒါကြောင့် မြန်မာအစိုးရရဲ့ ရန်ကုန်မြို့ဝန် ဦးအုပ်က အင်္ဂလိပ်သင်္ဘောကပ္ပတိန် နှစ်ဦးဖြစ်တဲ့ လူးဝစ်နဲ့ ရှက်ပတ်တို့ ၂ ဦးကို အရေးယူခဲ့တယ်။ ဒါကိုအကြောင်းပြုပြီး ဗိုလ်မှူးချုပ် ဂျော့လင်းဘတ်ကို အမြောက်တင် သင်္ဘော ၆ စင်းနဲ့ လွှတ်လိုက်ပြီး ရန်ကုန်-ပုသိမ်-မုတ္တမ အစရှိတဲ့ မြန်မာ့ဆိပ်ကမ်းမြို့ကြီးတွေကို ပိတ်ဆို့စေခဲ့တယ်။ အမိန့်ပေးတာကတော့ (၁၈၄၈ ခုနှစ်မှာ အိန္ဒိယဘုရင်ခံချုပ်ဖြစ်လာတဲ့) လော့ဒ်ဒါလဟိုဇီ ဖြစ်တယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံကို ပုဂံမင်းက စိုးမိုးအုပ်ချုပ်နေတဲ့အခါ ဖြစ်ပါတယ်။
* ပုဂံမင်းဟာ အင်္ဂလိပ်အစိုးရနဲ့ ရန်သတ္တရု မပြုလိုတဲ့အတွက် အမျိုးမျိုးလိုက်လျောခဲ့တယ်။ နောက်ဆုံး မြန်မာအထက်တန်းအရာရှိကြီးတစ်ဦးနဲ့ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့ မြို့ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအုပ်ကိုပင် ရာထူးက ဖယ်ရှားပေးရတဲ့အထိပါပဲ။ ဒါပေမယ့် လော့ဒါလဟိုဇီက တစ်စက်ကလေးမှ အရေးယူ ဂရုထားခြင်းမရှိဘဲ (၁၈၅၂) ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှာ-
အရှေ့အိန္ဒိယကုမ္ပဏီအမှုထမ်းများကို မလေးမခန့်ပြုမူတဲ့ ရန်ကုန်မြို့ဝန်ရဲ့ အပြုအမူအတွက် မြန်မာဘုရင်မင်းမြတ်က တောင်းပန်ရမယ်၊ လူးဝစ်နဲ့ ရှက်ပတ်တို့အတွက် နစ်နာကြေးပေးရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလိပ်အစိုးရက စစ်ပြင်ဆင်မှုလုပ်ရတဲ့အတွက် ကုန်ကျတဲ့ငွေဆယ်သိန်းကို လျော်ရမယ်။ ဗြိတိသျှ သံကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်လက်ခံပြီး ရိုသေခန့်ညားရမယ်။ ရန်ကုန်မြို့ဝန်ကို ရာထူးက ဖြုတ်ပစ်ရမယ် ဆိုတဲ့အချက်တွေ တောင်းဆိုလိုက်တယ်။ ဒီတောင်းဆိုချက်ကို (၁၈၅၂)ခုနှစ် ဧပြီလ (၁)ရက်နေ့ထက် နောက်မကျဘဲ မြန်မာဘုရင်မင်းမြတ်က လိုက်လျောရမယ်။ မလိုက်လျောရင် စစ်ဖြစ်ပြီလို့ သဘောထားမှာ ဖြစ်တဲ့အကြောင်း ထပ်ဆောင်းပါရှိလာပါတယ်။
* ဒီတော့ မြန်မာဘုရင်မင်းမြတ်က ဒါလောက် မောက်မာစော်ကားလှတဲ့ တောင်းဆိုချက်မျိုးကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။ ဒါကြောင့်လည်း အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဟာ (၁၈၅၂)ခုနှစ် ဧပြီလဆန်းလောက်မှာ စတင်ခဲ့ပါတော့တယ်။ မြန်မာစစ်သည်ရဲမက်ဗိုလ်ပါတို့ဟာ လက်နက်ချင်း မယှဉ်နိုင်လောက်ပေမယ့် ဇွဲကောင်းကောင်းနဲ့ အမိနိုင်ငံအတွက် အကောင်းဆုံး ခုခံကာကွယ်ခဲ့ရှာတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မယှဉ်နိုင်လောက်အောင် အလွန်ကောင်းမွန်တဲ့ လက်နက်ခဲယမ်းကို ဆွဲကိုင်တိုက်ခိုက်လာတဲ့ အင်္ဂလိပ်နယ်ချဲ့သမားတို့ဟာ ဧပြီလလယ်လောက်မှာ ရန်ကုန်၊ မေလ(၂၀)ရက်နေ့မှာ ပုသိမ်၊ ဧပြီလမှာ ရန်ကုန်နဲ့ မုတ္တမ၊ ဇွန်လမှာ ပဲခူး စတဲ့ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြပါတော့တယ်။ ပြည်မြို့ကိုတော့ ၁၈၅၂ ခု အောက်တိုဘာ ၂၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ကြတယ်။
===================
((((စာကြွင်း။ ။ ခရစ်နှစ် (၁၆၁၀)ခုနှစ်ကျော်ကာလမှအစပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆) ဖေဖော်ဝါရီ (၂၄) ရက်နေ့အထိ (နှစ်ပေါင်း-၂၁၆ နှစ်ကြာ) ရေရှည်စီမံချက်တို့နှင့် မြန်မာနိုင်ငံကို သိမ်းပိုက် မယ့် မူဝါဒတို့ ချမှတ်ပြီး စိတ်ရှည်လက်ရှည် လုပ်ဆောင်ခဲ့ကြတာ သမိုင်းက သက်သေ တည်ခဲ့တယ်။
အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆)ခုနှစ်မှာ- ရခိုင်နှင့် တနင်္သာရီတိုင်းတို့ သိမ်းပိုက်ခံလိုက်ရတယ်။
ဒုတိယစစ်ပွဲအပြီး (၁၈၅၂)ခုနှစ်မှာ- မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရတယ်။
တတိယစစ်ပွဲအပြီး (၁၈၈၅) ခုနှစ်မှာ- မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်ခံလိုက်ရတယ်။
ဒီတော့ အနောက်တိုင်းသားတို့ဟာ (၁၆၁၀)ခုနှစ်မှ (၁၈၈၅)ခုနှစ်အထိ (နှစ်ပေါင်း- ၂၇၅ နှစ်တိုင်တိုင်) နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့ကြတယ်။
လေးနက်အောင် ထပ်ပြောပါရစေ… တိုင်းတစ်ပါးသား ကုလားဖြူတွေဟာ မြန်မာနိုင်ငံကို ကျွန်ပြုဖို့အတွက် (နှစ်ပေါင်း ၂၇၅ နှစ်တိုင်တိုင်) ကြိုးပမ်းခဲ့ကြတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ (၁၉၄၈) ခုနှစ်မှစပြီး ယခုနှစ် (၂၀၁၄)ခုနှစ်အထိ (နှစ်ပေါင်း- ၆၆ နှစ်)သာ ကြာပါသေးတယ်။
ဒီနေ့ခေတ် "အနောက်ဥရောပနိုင်ငံတွေ၊ တိုင်းတစ်ပါးသားတွေက မြန်မာနိုင်ငံအပေါ် စေတနာရှိတယ်" ဆိုတဲ့စကား ယုံနိုင်စရာ ရှိပါ့မလား။ စဉ်းစားစရာပင်…။ ))))
{အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းဝင်စာများ}
( ဘက်မလိုက်သော အမျိုးသားရေးဝါဒီ )
No comments:
Post a Comment
Note: Only a member of this blog may post a comment.