Breaking

January 2, 2020

အင်္ဂလိပ်- မြန်မာ တတိယစစ်ပွဲ

Image may contain: outdoor
* မြန်မာနိုင်ငံအောက်ပိုင်းဟာ ဗြိတိသျှ ကိုလိုနီသမားများ လက်အောက်ကို ရောက်ရှိနေတဲ့အချိန်မှာ အထက်မြန်မာနိုင်ငံကို မင်းတုန်းမင်းတရားက စိုးမိုးအုပ်ချုပ်နေပါတယ်။

* ဒီအချိန်ဟာ မြန်မာနိုင်ငံအဖို့ အတော်လေး အရေးကြီးနေတဲ့အချိန်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် ကျန်နေသေးတဲ့ အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က ကျွန်ပြုဖို့အတွက် ဗြိတိသျှဝန်ကြီးတွေကရော ကုန်သည်တွေကပါ ဗြိတိသျှဘုရင်မကြီးကို တောင်းဆိုတိုက်တွန်းနေတဲ့အချိန် ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် မင်းတုန်းမင်းကလည်း ချက်ခနဲဆို နားခွက်က မီးတောက်အောင် အကင်းပါးသူဆိုတော့ မဟာမိတ် ရှာဖွေနေချိန် ဖြစ်ပါတယ်။

* ဒီအချိန်မှာ ပြင်သစ်ကိုလိုနီသမားတို့ကလည်း မြန်မာနိုင်ငံကို မျက်စိကျနေတော့တာပေါ့။ ဒါပေမယ့် ပြင်သစ်တို့ဟာ နောက်ကျခဲ့ပြီ။ ဗြိတိသျှတို့က ရန္တပိုစာချုပ်ရယ်၊ လော့ဒါဟိုဇီရဲ့ ကြေညာချက်ရယ်၊ ဗြိတိသျှ- မြန်မာ နယ်နိမိတ် သတ်မှတ်တဲ့ အာလံမျဉ်းကြောင်း (ယခုအောင်လံ)၊ (၁၈၆၂-၆၅)ခုနှစ် ကုန်သွယ်ရေးစာချုပ်ရယ်၊ အဲဒီစာချုပ်တွေနဲ့ အထက်မြန်မာနိုင်ငံ ဘုရင်အစိုးရကို တုပ်ပြီးနှောင်ပြီး ပြုလုပ်ထားပြီနေပါပြီ။

* ဒါပေမယ့် မင်းတုန်းမင်းက မိတ်ဆွေရှာနေတဲ့အချိန်၊ မဟာမိတ် ရှာနေတဲ့အချိန် ဖြစ်တဲ့အတွက် ပြင်သစ်အစိုးရနဲ့ အလွယ်တကူပဲ အဆက်အသွယ် ရရှိခဲ့ပါတယ်။ (၁၈၇၂) ခုနှစ်မှာ ကင်းဝန်မင်းကြီးကို သံအမတ်ကြီးအဖြစ် အာဏာကုန်လွှဲအပ်ပေးပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို စေလွှတ်ခဲ့ပါတယ်။ (၁၈၇၃)ခုနှစ်မှာ ပြင်သစ်အစိုးရကလည်း မြန်မာအစိုးရဘုရင်ကို တုံ့ပြန်တဲ့အနေနဲ့ သံအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံကို ပို့လွှတ်ခဲ့တယ်။

* (၁၈၇၈)ခုနှစ်မှာ မင်းတုန်းမင်းတရားကြီး နတ်ရွာစံ ကံတော်ကုန်ပြီးတဲ့အခါ သီပေါမင်း နန်းတက်လာခဲ့တယ်။ ဒီအချိန်မှာ ပြင်သစ်-မြန်မာ ဆက်ဆံရေးဟာ ပိုကောင်းလာခဲ့ပြီး ပြင်သစ်နိုင်ငံက အင်ဂျင်နီယာတွေကို မြန်မာအစိုးရဆီ တော်တော်များများ ပို့လွှတ်ခဲ့တယ်။ မြန်မာ့လက်နက်ကိုင်တပ်ကို ပြင်သစ်အကြံပေးပုဂ္ဂိုလ်များ၊ နည်းပြဆရာများနဲ့ ပြည်လည်တည်ဆောက် ဖွဲ့စည်းနေတဲ့အချိန်လည်း ဖြစ်တယ်။ (၁၈၈၅)ခုနှစ် ဇွန်လမှာ ပြင်သစ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်လိုက်ပါတယ်။ ဒီစာချုပ်မှာပဲ မန္တလေး ရွှေမြို့တော်နဲ့ တရုတ်ပြည် တုံကင်မြို့ကို ဆက်သွယ်တဲ့ မီးရထားလမ်းဖောက်လုပ်ရေးကိုပါ တစ်ပါတည်း ပါဝင်ချုပ်ဆိုလိုက်တဲ့အထိ ဖြစ်လာပါတယ်။

* ဒီလို မြန်မာအစိုးရက လုပ်ဆောင်လိုက်တဲ့အတွက် အင်္ဂလိပ်ကုန်သည်တွေနဲ့ အင်္ဂလိပ်အစိုးရက အတော်လေး မကျေမနပ်ဖြစ်ကြတယ်။ စားခွက်လုဘက်ဖြစ်တဲ့ ပြင်သစ်အစိုးရကိုလည်း ဒေါသတွေ ထွက်နေခဲ့တယ်။ မြန်မာအစိုးရအပေါ်ကိုတော့ ပြောမပြနိုင်လောက်အောင် ဒေါသထခဲ့ကြတာပေါ့။ ဒီအချိန်မှာ ဗြိတိသျှနိုင်ငံရဲ့အစိုးရကို ဦးဆောင်နေတာက ဝန်ကြီးချုပ် လော့ဒ် စလစ်ဗျူရီ ဖြစ်တယ်။ လော့ဒ်ရမ်းဒေါ့(ဗ်)ချာချီက ဗြိတိသျှအစိုးရ အိန္ဒိယနိုင်ငံဆိုင်ရာ ဝန်ကြီး၊ ဗြိတိသျှကိုလိုနီ အိန္ဒိယပြည်ရဲ့ ဘုရင်ခံချုပ်က လော့ဒ်ဒပ်(ဖ)ရင်၊ မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးက ဆာချား(စ်)ဘားနာ(ဒ်) တို့ ဖြစ်ကြတယ်။

* မြန်မာအစိုးရနှင့် ပြင်သစ်အစိုးရတို့ ကြည်ဖြူနေတာကို မရှုစိမ့်နိုင်တဲ့အပြင် မြန်မာနိုင်ငံလုံးကို ကျွန်ပြုချင်နေတဲ့၊ မြန်မာနိုင်ငံရဲ့အဆီကိုစား အသားကိုမျိုချင်ကြတဲ့ ဗြိတိသျှကုန်သည်တွေ ၊ ကိုလိုနီသမား ဝန်ကြီး ဝန်ငယ်တွေ၊ စစ်ဗိုလ်ကြီး စစ်ဗိုလ်ငယ်တွေဟာ မြန်မာနိုင်ငံအထက်ပိုင်းမှာ ရှိနေတဲ့ မြန်မာဘုရင်အစိုးရကို ဖြုတ်ချပြီး ၎င်းတို့လက်အောက်ခံ ကိုလိုနီပြုလုပ်ဖို့ တော်တော်လေး ဆူဆူညံညံ တောင်းဆိုလာကြပါတယ်။

* ဗြိတိသျှအစိုးရဟာ “ရေငတ်သူ ရေတွင်းထဲကျ” ဆိုသလို ပြင်သစ်တို့တော့ အစားမခံဘူး၊ စားချင်းစား ငါတစ်ယောက်တည်း စားမယ် ဆိုတဲ့ စိတ်ကူးနဲ့ မြန်မာဘုရင်အပေါ် အပြစ်ရှာကြပါတော့တယ်။

* ဒီလိုအပြစ်ခံရှာခံနေရတဲ့အတောအတွင်းမှာပဲ ဗြိတိသျှအစိုးရအဖို့ “အပျိုရှာ၊ ကညာနဲ့တွေ့” ဆိုတာလို ကြိုက်ပေါက်တစ်ခု တွေ့လိုက်ပါတယ်။ ဒီကြိုက်ပေါက်က တခြားဟုတ်ရိုးလား၊ ဘုံဘေဘားမား သစ်ခိုးမှုကြီးပါပဲ။

* (၁၈၈၅) ခုနှစ်အတွင်းမှာ ဘုံဘေဘားမား သစ်ကုမ္ပဏီက ပျဉ်းမနားနယ်မှ ကျွန်းသစ်များကို ခါတိုင်းလို အခွန်မဆောင်ဘဲ မြန်မာအစိုးရရဲ့ တစ်စုံတစ်ရာခွင့်ပြုချက်လည်း မရှိဘဲ ခိုးယူခဲ့တယ်။ မြန်မာအစိုးရကဖမ်းဆီးမိတော့ ဒဏ်ငွေ (၂၃)သိန်း ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုံဘေဘားမားကုမ္ပဏီက ဗြိတိသျှအစိုးရအားကိုးနဲ့ ဒဏ်ငွေမဆောင်တဲ့အပြင် မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးကတစ်ဆင့် ဗြိတိသျှအစိုးရကို တိုင်ကြားလိုက်တယ်။

* ဒီအချက်ဟာ နယ်ချဲ့လိုသူတို့အတွက် တစ်ကွက်ဖြစ်နေတာပေါ့။ ဒါကြောင့်လည်း (၁၈၈၅)ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့မှာ အချက်လေးချက်ပါတဲ့ အိန္ဒိယဝန်ကြီးချုပ် လော့ဒ်ရမ်းဒေါ့(ဖ်)ချာချီရဲ့ ညွှန်ကြားချက်အရ ဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က အချက်လေးချက်ပါတဲ့ တောင်းဆိုချက်ကို ထုတ်ဆင့်လိုက်ပါတယ်။ ဒီအချက်လေးချက်ကတော့-

(၁) သစ်ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ရဲ့ အငြင်းပွားမှုကို ဆုံးဖြတ်တဲ့အခါ အိန္ဒိယဘုရင်ခံချုပ်က ခန့်အပ်တဲ့ အာဏာပိုင်ကိုယ်စားလှယ် ပါဝင်ရမယ်။

(၂) ဒီကိုယ်စားလှယ် မြန်မာနိုင်ငံမှာ နေတဲ့အခိုက် သူ့လုံခြုံရေးအတွက် တိုက်သင်္ဘောတစ်စီးကို မန္တလေးဆိပ်ကမ်းမှာ ထားခွင့်ပြုရေးနဲ့ လက်နက်အပြည့်အစုံတပ်ထားတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ထားခွင့် ပြုရမယ်။

(၃) ဘုရင်ခံချုပ်ကိုယ်စားလှယ် မြန်မာဘုရင်ရှေ့မှောက် ဝင်ရောက်တဲ့အခါ ဖိနပ်စီးပြီး ဆောင်ဓားကိုင်ခွင့် ပြုရမယ်။

(၄) မြန်မာအစိုးရရဲ့ နိုင်ငံခြားဆက်သွယ်ရေးအားလုံးကို ဗြိတိသျှအစိုးရကို လွှဲအပ်ရမယ်။

ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

* ဒီတောင်းဆိုချက်ဟာ လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်တဲ့ ဘယ်လိုနိုင်ငံများကမှ လိုက်လျောနိုင်မယ့် တောင်းဆိုချက်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် သီပေါဘုရင်က အောက်ပါအချက်အတိုင်း တည်တည်ငြိမ်ငြိမ် ပြန်ကြားလိုက်ပါတယ်။

(၁) ဘုံဘေဘားမားကုမ္ပဏီဟာ ဒဏ်ငွေချမှတ်တာကို မကျေနပ်ရင် လုံလောက်တဲ့အကြောင်းပြချက်နဲ့ အယူခံဝင်နိုင်တယ်။ အယူခံဝင်တဲ့အခါ မြန်မာအစိုးရက တရားသဖြင့်ဖြစ်အောင် ပြန်စဉ်းစားမယ်။

(၂) နေပြည်တော်မှာ ဗြိတိသျှကိုယ်စားလှယ်ထားလိုက ယခင်အတိုင်း ထားခွင့်ပြုမယ်။

(၃) နိုင်ငံခြားဆက်သွယ်ရေးနဲ့ ပတ်သက်လို့တော့ မြန်မာအစိုးရဟာ တစ်ပါးလက်အောက်ခံအစိုးရမဟုတ်၊ လွတ်လပ်တဲ့ သီးခြားအစိုးရဖြစ်တဲ့အတွက် မြန်မာအစိုးရသဘောဖြစ်ပြီး ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ တကယ်လို့ ဒီကိစ္စကို ဗြိတိသျှအစိုးရက လက်မခံနိုင်ဘူးဆိုရင် နှစ်နိုင်ငံမိတ်ဆွေများဖြစ်ကြတဲ့ အီတလီ-ပြင်သစ်-ဂျာမဏီ သုံးနိုင်ငံအဖွဲ့ရဲ့ အဆုံးအဖြတ်ကို ခံယူနိုင်မည်ထင်ကြောင်းများ ပါဝင်ပါတယ်။

* ဒါပေမယ့် စစ်သွေးဆာနေတဲ့ နယ်ချဲ့သမားတွေဟာ မြန်မာအစိုးရရဲ့ ပြန်ကြားချက်ကို ပယ်ချလိုက်ပြီး (၁၈၈၅)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ချာချီက မန္တလေးကို ချီတက်တိုက်ခိုက် သိမ်းပိုက်ဖို့ လော့ဒ်ဒပ်ဖရင်ထံ ကြေးနန်းနဲ့အကြောင်းကြားလိုက်တယ်။ (၁၂)ရက်နေ့မှာ မန္တလေးကို ချီတက်တိုက်ခိုက် သိမ်းပိုက်ဖို့ပါပဲ။

* ဒီနေရာမှာ တစ်ခုလောက် ကြားဖြတ်ပြောပါရစေ။ အဲဒါကတော့ မင်းလောင်းမျှော်တဲ့ ကိစ္စပါပဲ။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲနောက်ပိုင်းမှာ မန္တလေးနေပြည်တော်ဆီ ဧရာဝတီမြစ်ကြောင်းအတိုင်း ချီတက်ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပေမယ့် အင်္ဂလိပ်တို့ဟာ မအောင်မြင်ခဲ့ပါဘူး။ ယခုလို ပြင်သစ်တို့ ထောက်ပံ့ကူညီမှုကြောင့် မြန်မာ့တပ်ဟာ အားကောင်းလာပြီဖြစ်တဲ့အတွက် နေပြည်တော်ကို အနိုင်သိမ်းပိုက်နိုင်ဖို့ မသေချာပါဘူး။ ဒါကြောင့် အင်္ဂလိပ်တို့ဟာ မြန်မာတို့ကို နိုင်ဖို့ ဗေဒင်၊ ယတြာများ ပြုလုပ်ခဲ့ကြတယ်။ နောက် မြန်မာလူမျိုးတို့ရဲ့ အဓိကအားနည်းချက်ကို ရှာဖွေပါတယ်။ “ရှာဖွေလေ တွေ့ရှိလေ”ဆိုတဲ့အတိုင်း မြန်မာလူမျိုးတို့ရဲ့ နန်းတွင်းအကွဲအပြဲဇာတ်လမ်းတွေ၊ နောက်ဘုရင်ကို မျှော်လင့်နေတဲ့ကိစ္စတွေကို တွေ့လာတယ်။ (ထိုစဉ်ကာလ အင်္ဂလိပ်တို့ စစ်ပြင်ဆင်ပုံနှင့် မြန်မာ့နန်းတွင်းရှုပ်ထွေးမှုကြီးများ အကျယ်ကို အလျဉ်းသင့်တဲ့အခါ ဖော်ပြပေးပါမည်… ဤကား စကားချပ်။) ဒီတော့ နယ်ချဲ့သမားတွေဟာ မင်းလောင်းအဖြစ် ကျော်ကြားနေတဲ့ ညောင်ရမ်းမင်းသားကြီးနဲ့ ဆင်တူရိုးမှား ပြုလုပ်ထားတဲ့ လူတစ်ဦးကို သင်္ဘောထိပ်ဦးမှာတင်ပြီး (၁၂)ရက်နေ့မှာ စတင်ချီတက်လာပါတယ်။

* (၁၄)ရက်နေ့မှာ အာလံ(ယခု အောင်လံ)ကို ဖြတ်ပြီး မြန်မာ့နယ်နိမိတ်ထဲ ဝင်ရောက် ကျူးကျော်လာတယ်။ (၂၈)ရက်နေ့မှာတော့ သီပေါမင်းနှင့် ဆွေမျိုးစုများ၊ မင်းညီမင်းသားများကို ကြက်ကလေး ငှက်ကလေးများ ဖမ်းသလို အလွယ်တကူဖမ်းဆီးပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ကျွန်ပြုလိုက်ပါတော့တယ်။

========================

((((စာကြွင်း။ ။ ခရစ်နှစ် (၁၆၁၀)ခုနှစ်ကျော်ကာလမှအစပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆) ဖေဖော်ဝါရီ (၂၄) ရက်နေ့အထိ (နှစ်ပေါင်း-၂၁၆ နှစ်ကြာ) ရေရှည်စီမံချက်တို့နှင့် မြန်မာနိုင်ငံကို သိမ်းပိုက်မယ့် မူဝါဒတို့ ချမှတ်ပြီး စိတ်ရှည်လက်ရှည် လုပ်ဆောင်ခဲ့ကြတာ သမိုင်းက သက်သေတည်ခဲ့တယ်။

အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆)ခုနှစ်မှာ- ရခိုင်နှင့် တနင်္သာရီတိုင်းတို့ သိမ်းပိုက်ခံလိုက်ရတယ်။

ဒုတိယစစ်ပွဲအပြီး (၁၈၅၂)ခုနှစ်မှာ- မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရတယ်။

တတိယစစ်ပွဲအပြီး (၁၈၈၅) ခုနှစ်မှာ- မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်ခံလိုက်ရတယ်။

ဒီတော့ အနောက်တိုင်းသားတို့ဟာ (၁၆၁၀)ခုနှစ်မှ (၁၈၈၅)ခုနှစ်အထိ (နှစ်ပေါင်း- ၂၇၅ နှစ်တိုင်တိုင်) နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့ကြတယ်။

လေးနက်အောင် ထပ်ပြောပါရစေ… တိုင်းတစ်ပါးသား ကုလားဖြူတွေဟာ မြန်မာနိုင်ငံကို ကျွန်ပြုဖို့အတွက် (နှစ်ပေါင်း ၂၇၅ နှစ်တိုင်တိုင်) ကြိုးပမ်းခဲ့ကြတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ (၁၉၄၈) ခုနှစ်မှစပြီး ယခုနှစ် (၂၀၁၄)ခုနှစ်အထိ (နှစ်ပေါင်း- ၆၆ နှစ်)သာ ကြာပါသေးတယ်။

ဒီနေ့ခေတ် "အနောက်ဥရောပနိုင်ငံတွေ၊ တိုင်းတစ်ပါးသားတွေက မြန်မာနိုင်ငံအပေါ် စေတနာရှိတယ်" ဆိုတဲ့စကား ယုံနိုင်စရာ ရှိပါ့မလား။ စဉ်းစားစရာပင်…။ ))))

{အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းဝင်စာများ}

( ဘက်မလိုက်သော အမျိုးသားရေးဝါဒီ )

No comments:

Post a Comment

Note: Only a member of this blog may post a comment.