Breaking

September 14, 2020

အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ပြီး သုံးနှစ်အကြာ မြန်မာကရိုဟင်ဂျာကျေးရွာတွေရဲ့ အမည်တွေကိုမြေပုံပေါ်ကနေ ဖယ်ရှားပစ်ခဲ့

စက်တင်ဘာ ၁၄၊ ၂၀၂၀ Myanmar Muslim Media
လွန်ခဲ့တဲ့သုံးနှစ်လောက်က မြန်မာစစ်တပ်ဟာ ကန်ကျာရိုဟင်ဂျာကျေးရွာကိုမီးရှို့ပြာချခဲ့ပြီး ကျန်ရစ်တဲ့အပျက်အဆီးတွေကို ဘူဒိုဇာနဲ့ဖယ်ရှားပစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အစိုးရကကျေးရွာရဲ့အမည်ကို တရားဝင်မြေပုံပေါ်ကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ ကုလကဖော်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကြား နယ်စပ်စည်းလိုဖြစ်တဲ့ နက်ဖ်မြစ်ကနေ ၃မိုင်အကွာ(၅ကီလိုမီတာ)မှာ တည်ရှိတဲ့ ကန်ကျာကျေးရွာဟာ ၂၀၁၇ခုနှစ်တုန်းစစ်တပ်က ရိုဟင်ဂျာ၇သိန်း၃သောင်းကျော်ကို မောင်းထုတ်ခဲ့တဲ့စစ်ဆင်ရေးမတိုင်ခင် လူပေါင်းရာနဲ့ချီနေထိုင်ခဲ့တဲ့ ကျေးရွာပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို လူမျိုးတုံးရှင်းလင်းသုတ်သင်မှု စံပြဥပမာတစ်ရပ် လို့ ကုလကခေါင်းစဉ်တပ်ထားပါတယ်။ မြန်မာစစ်တပ်ဟာအခုအခါမှာတော့ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစစ်ဆင်ရေးဟာ သောင်းကျန်းသူတွေကိုပစ်မှတ်ထားတဲ့ ရှင်းလင်းရေးစစ်ဆင်ရေးဖြစ်ကြောင်း မြန်မာစစ်တပ်ကဆိုထားပါတယ်။
တစ်ချိန်က ကန်ကျာကျေးရွာတည်ရှိခဲ့တဲ့နေရာမှာ အခုတော့အစိုးရနဲ့စစ်ဘက်အဆောက်အဦး ဒါဇင်နဲ့ချီတည်ဆောက်ထားကြောင်း Google Earth ရဲ့ဂြိုလ်တုပုံရိပ်တွေနဲ့ ရိုက်တာကထောက်ပံ့ပေးတဲ့ သမိုင်းဝင်ပုံရိပ်တွေကနေ ဖော်ပြထားပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ ကျေးရွာဟာ ဂူးဂဲလ်မြေပုံပေါ်မှာ အမည်တပ်ဖော်ပြသွားဖို့ အရမ်းကိုသေးငယ်လွန်းတဲ့ရွာဖြစ်နေပါတယ်။ မြန်မာအစိုးရမြေပုံတွေပေါ်မှာအခြေခံထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလမြေပုံယူနစ်အဖွဲ့ကထုတ်ပြန်တဲ့ ၂၀၂၀ခုနှစ်ထုတ်မြေပုံတွေပေါ်မှာတော့ ဖျက်ဆီးခံရတဲ့ကျေးရွာရဲ့တည်နေရာဟာ အမည်မဲ့အဖြစ်သာရှိတော့ပြီး မောင်တောမြို့အနီးဒေသအစိတ်အပိုင်းတစ်ရပ်အဖြစ်သာ ပြန်လည်ပြင်ဆင်ဖော်ပြထားပါတယ်။ ဒီယူနစ်အဖွဲ့ဟာ ကုလဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR လိုကုလအဖွဲ့အစည်းတွေနဲ့ ကုလနဲ့တွဲဖက်လုပ်ကိုင်နေတဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေ အသုံးပြုနိုင်ဖို့အတွက် မြေပုံတွေထုတ်ပေးရတာဖြစ်ပါတယ်။
ကန်ကျာကျေးရွာဟာ ၂၀၁၇ခုနှစ်ကမြန်မာစစ်တပ်ဖျက်ဆီးခဲ့တဲ့ ကျေးရွာ၄၀၀နီးပါးထဲက တစ်ခုဖြစ်တယ်ဆိုတာကို နယူးယောက်အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ သုတေသနပြုထားတဲ့ ဂြိုလ်တုပုံရိပ်တွေမှာဖော်ပြထားပါတယ်။ ဒီကျေးရွာဟာ အမည်ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့ တစ်ဒါဇင်ခန့်ရှိတဲ့ကျေးရွာတွေထဲမှာပါဝင်ခဲ့ပါတယ်။ “သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ပြန်မလာနိုင်ဖို့ပဲဖြစ်ပါတယ်” လို့ လက်ရှိဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်နေတဲ့ ကန်ကျာကျေးရွာနဲ့ နီးစပ်တဲ့ကျေးရွာဥက္ကဌဟောင်း မိုဟာမက်ရိုဖစ်က မြန်မာအစိုးရကိုရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က မှာပြန်လည်တည်ဆောက်ရေးတွေစီမံကွပ်ကဲနေတဲ့ လူမှုဝန်ထမ်းဖူလုံရေးဝန်ကြီးဌာနက ကျေးရွာနာမည်တွေဖယ်ရှားခံရတာနဲ့ပတ်သက်ပြီး ရိုက်တာရဲ့မေးခွန်းတွေကိုဖြေကြားဖို့ ငြင်းဆိုခဲ့သလို အထွေထွေအုပ်ချုပ်ရေးဌာန(GAD)ကလည်း တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်တစ်ဦးကလည်း မှတ်ချက်ပြုဖို့တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ ဒီနှစ်အစကတည်းက ကုလသမဂ္ဂမြေပုံဌာနက မြေပုံသုံးခုထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ မြန်မာကရိုဟင်ဂျာကျေးရွာတွေကိုဖယ်ရှားထားသလို ပြန်လည်ပြောင်းလဲထားတာကို ပြသနေပါတယ်။
အမည်မရှိတော့အောင်နဲ့ နေထိုင်ခဲ့တဲ့သက်သေတွေ မရှိအောင်ဖယ်ရှားပြီး အစိုးရက ဒုက္ခသည်တွေပြန်လာဖို့ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသံတမန်ဟောင်း ယန်းဟီလီက ပြောကြားခဲ့ပါတယ်။ “ဒါဟာသူတို့ရဲ့အခြေခံအမှတ်အသားလက္ခဏာတွေကို ရှင်းလင်းဖယ်ရှားတဲ့နည်းလမ်းပဲဖြစ်ပါတယ်” လို့သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂကဒီအရေးကိုတားဆီးကန့်ကွက်တာတွေဘာလို့ မရှိရတာလဲဆိုပြီး ကုလတာဝန်ရှိသူတစ်ချို့ကို ရိုက်တာကမေးမြန်းတဲ့အပေါ် သူတို့ကတိုက်ရိုက်ဖော်ထုတ်ပြောဆိုဖို့ငြင်းဆန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာကုလမစ်ရှင်အကြီးအကဲ အိုလာအလ်မ်ဂရန်က ဒီလိုကျေးရွာအမည်တွေကိုဖယ်ရှားတဲ့ကိစ္စတွေနဲ့ မြန်မာအစိုးရနဲ့ဘာအရေးကိစ္စမှမရှိပေမယ့် ပြန်လာမဲ့ဒုက္ခသည်တွေအတွက် အထောက်အကူပြုအခြေအနေတွေဖန်တီးဖို့ မြန်မာအစိုးရကိုတိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
နာဆာသိပ္ပံပညာရှင်ဟောင်းများတည်ထောင်ထားတဲ့ ဆန်ဖန်ရစ္စကိုအခြေစိုက် ပုဂ္ဂလိကဂြိုလ်တုအော်ပရေတာ Planet Labs ကရိုက်ကူးထားတဲ့ ဂြိုလ်တုပုံရိပ်တွေနဲ့ Google Earth တို့ရဲ့ပုံရိပ်တွေအရ ၂၀၁၇ခုနှစ်မှာ ဒေသခံနေထိုင်သူတွေထွက်ပြေးခဲ့ပြီးနောက် မကြာခင်မှာတင်ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတစ်ဒါဇင်ကျော်ရဲ့နေရာတွေမှာ မြန်မာကဆောက်လုပ်ရေးတွေစတင်လုပ်ဆောင်ခဲ့တာကို ပြသနေပါတယ်။ အဲဒီဒေသမှာနေထိုင်သူတွေရဲ့ပြောကြားချက်အရ မြန်မာက လုံခြုံရေးတပ်ဖွဲ့တွေအတွက် စခန်းတွေ အစိုးရဌာနတွေဆောက်လုပ်ခဲ့သလို ဗုဒ္ဓဘာသာဝင်တွေအတွက် နေအိမ်တွေတည်ဆောက်ပေးခဲ့တာကို သိရှိရပါတယ်။ ဂြိုလ်တုပုံရိပ်အရ ကန်ကျာနေရာမှာတည်ဆောက်ထားတဲ့ စခန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းနှစ်ဆဖြစ်လာသလို ရဟတ်ယာဉ်ကွင်းနှစ်ခုပါ ထပ်ပေါင်းထားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဂုန်နာလို့ခေါ်တဲ့ နောက်ထပ်ဖျက်ဆီးခံရတဲ့ကျေးရွာမြေပေါ်မှာလည်း လမ်းသစ်တစ်ခုဖောက်လုပ်တည်ဆောက်ထားတာကို တွေ့ရှိခဲ့ရပါတယ်။
ဖျက်ဆီးခံရတဲ့ရိုဟင်ဂျာကျေးရွာတွေပေါ်မှာ လုံခြုံရေးစခန်းတွေတည်ဆောက်ထားတဲ့အပေါ် မှတ်ချက်ပြုဖို့တောင်းဆိုချက်ကို စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ခဲ့ခြင်းမရှိသလို ဒေသခံတာဝန်ရှိတွေကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။ ၂၀၁၉ခုနှစ် စက်တင်ဘာမှာ ပြည်ထောင်စုအစိုးရရုံးရဲ့ ပြည်သူ့ဝန်ကြီးဌာနအစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ GAD ရဲ့ညွှန်ကြားချက်နဲ့ ကျေးရွာ၁၆ရွာကို မောင်တောမြို့ရဲ့ ရပ်ကွက်တွေအဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲကကျေးရွာအများစုဟာ ရိုဟင်ဂျာကျေးရွာတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလမြေပုံယူနစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အဲဒီထဲကကျေးရွာ၆ခုရဲ့အမည်တွေကို ရပ်ကွက်အသစ်တွေရဲ့အမည်တွေအဖြစ် ထိန်းသိမ်းထားခဲ့ပြီး ကျန်တဲ့ကျေးရွာ၁၀ရွာကတော့ မြေပုံကနေပျောက်ကွယ်သွားကြောင်း ကုလကဖော်ပြထားပါတယ်။
ဒီထဲကကျေးရွာ၅ခုဟာ ၂၀၁၇ခုနှစ်က ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ GAD ရဲ့ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်ကလာတဲ့နိုင်ငံခြားသားတွေလို့အမည်တပ်ထားတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောလူဦးရေရဲ့ ၆၀%ရှိပြီး စစ်ဆင်ရေးမတိုင်ခင် ၂၀၁၇ခုနှစ်မှာ ၉၃%ရှိခဲ့တာဖြစ်ကြောင်း ပြသနေပါတယ်။ ဖျက်ဆီးခံခဲ့ရတဲ့ကျေးရွာရာနဲ့ချီဟာလည်း သူတို့အမည်တွေပြောင်းလဲခံရ ဒါမှမဟုတ် ဖယ်ရှားခံခဲ့ရကြောင်း ကုလမြေပုံတွေမှာ ဖော်ပြထားပါတယ်။ တစ်ခြားကျေးရွာ၁၁ရွာခန့်ဟာလည်း ပြီးခဲ့တဲ့၅နှစ်အတွင်းပြောင်းလဲပြင်ဆင်ခံခဲ့ရပြီး မြို့အသစ် မြင်းလွှတ်ရဲ့ရပ်ကွက်တွေအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ကမ်းခြေနဲ့ပင်လယ်စာ ခရီးသွားဧည့်သည်အပန်းဖြေနေရာတည်ဆောက်ဖို့ မြန်မာအစိုးရဝန်ကြီးတစ်ဦးက အဆိုတင်သွင်းထားပါတယ်။
ကမ်းခြေတစ်လျှောက်ကျေးရွာလေးတွေဟာလည်း ၂၀၁၇ခုနှစ်စစ်ဆင်ရေးအတွင်းဖျက်ဆီးခံခဲ့ရပြီး ခြေရာလက်ရာမပျက်ရှိနေသေးတဲ့ကျေးရွာနှစ်ခုကိုလည်း ၂၀၁၈ခုနှစ်မှာ အာဏာပိုင်တွေကဘူဒိုဇာနဲ့ရှင်းလင်း ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီနေရာာမှာ အစောင့်စခန်း၆ခုနဲ့ ကင်းစခန်းတွေတည်ဆောက်ထားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သုတေသနပြုထားတဲ့ ဂြိုလ်တုပုံရိပ်တွေမှာဖော်ပြနေပါတယ်။ ရိုဟင်ဂျာကျေးရွာတွေမြေပုံတွေပေါ်ကနေ ပျောက်ကွယ်သွားပေမယ့်လည်း ၂၀၂၀ခုနှစ် ကုလမြေပုံတွေပေါ်မှာ ဗုဒ္ဓဘာသာဒေသခံတွေအတွက် ကျေးရွာနှစ်ခုထပ်တိုးထားပါတယ်။
၂၀၁၇ခုနှစ်စစ်ဆင်ရေးအတွင်း မွတ်စလင်အမျိုးသား၁၀ဦးသတ်ဖြတ်ခံခဲ့ရတဲ့ အင်းဒင်ကျေးရွာမှာ ယခင်ကရိုဟင်ဂျာ၆ထောင်နေထိုင်ခဲ့ပေမယ့် သူတို့အားလုံးထွက်ပြေးခဲ့ရပြီးနောက် ကျေးရွာလည်းဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီနေရာမှာ ရခိုင်ပြည်နယ်အစိုးရက ဗုဒ္ဓဘာသာတွေအတွက် အခြေချနေအိမ်အသစ်တွေတည်ဆောက်ပေးခဲ့ကြောင်း ၂၀၁၈ခုနှစ် ရိုက်တာရဲ့သတင်းအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီကတည်းကတိုးချဲ့နေရာတွေတိုးလာခဲ့သုလိ ရခိုင်ဗုဒ္ဓဘာသာတွေအခြေချထားတဲ့ အိမ်နီးချင်း ကျောက်ပန်းဒူကျေးရွာကတော့ အရွယ်အစားနှစ်ဆခန့်ဖြစ်လာခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကိုသိရှိထားတဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးကတော့ ရိုဟင်ဂျာအပေါ်မြန်မာဟာသူ့ပေါ်လစီပြောင်းလဲဖို့ အလားအလာရှိတဲ့ပုံမပြသကြောင်း ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ မတ်လတုန်းကတော့မြန်မာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လှပိုးကောင်းနဲ့ သက်ကယ်ပင်ကနေရာနှစ်ခုဆီ ပြန်လာဖို့ခွင့်ပြုပေးထားတဲ့ ရိုဟင်ဂျာ ၈၄၀ဦးရဲ့ နာမည်စာရင်းကိုဘင်္ဂလားဒေ့ရှ်ဆီပေးပို့ခဲ့ေကြောင်း တာဝန်ရှိသူကပြောကြားခဲ့ပါတယ်။ ဒါပေမယ့်အမည်စာရင်းပါဒုက္ခသည်တွေဟာ အဲဒီနေရာတွေကမဟုတ်ကြောင်း တာဝန်ရှိသူကဆိုပါတယ်။ ဒါ့အပြင်အမည်စာရင်းပါဝင်သူတွေက မိသားစုတစ်ခုကနေ သီးခြားဆွဲထုတ်ထားတဲ့သူတွေဖြစ်နေသလို အမျိုးသမီးတွေလည်းပါဝင်တာကြောင့် ပြန်လာဖို့အဆင်ပြေမှုမရှိပါဘူး။
ဒုက္ခသည်တွေပြန်လာဖို့အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား ဆက်သွယ်မှုတွေဟာကွာဟမှု တစ်ချို့ရှိနေကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်တစ်ဦးက ရိုက်တာကိုပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စည်းဝေးပွဲရွှေ့ဆိုင်းမှုအပေါ် သူကပြစ်တင်ထားပါတယ်။ ဂြိုလ်တုပုံရိပ်ဖော်ပြချက်တွေအရ ရိုဟင်ဂျာတွေကိုပြန်လက်ခံသွားမဲ့အခြေချနေရာကြီးဟာ နံရံတွေနဲ့ပတ်ဝိုင်းထားသလို ကင်းမျှော်စင်တွေပါချထားတာကိုတွေ့ရှိရပါတယ်။ ဒါတွေကိုဖျက်ဆီးခံခဲ့ရတဲ့ရိုဟင်ဂျာကျေးရွာတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာခေါင်းဆောင်တွေကတော့ ကိုယ်ပိုင်တည်ဆောက်နိုင်တဲ့ သူတို့ရဲ့မူလကျေးရွာနေရာတွေကို ပြောင်းရွှေ့လိုပြီး ဒုက္ခသည်စခန်းတွေထဲပြန်လာမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။ “ကျွန်တော်တို့ရဲ့မြေပြန်ရပါ့တော့မလားဆိုတာ မသိတော့ပါဘူး” လို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဂျဖားအာမက်ကပြောကြားခဲ့ပါတယ်။
Reuters သတင်းဌာနပါ Poppy Mcpherson ရေးသားသည့် “Three years after exodus, Myanmar erases names of Rohingya villages, UN map makers follow suit” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.