ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်အရ
မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေဟာ ပြီးခဲ့တဲ့ ၂ဝ၁၉
ခုနှစ်ကုန်ပိုင်းက ၃ သိန်း ၆ သောင်းကျော်ရှိပါတယ်။ ဒီနှစ်အတွင်း
ထပ်တိုးလာတဲ့ဒုက္ခသည် ဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး။
UNHCR ရဲ့
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းစာရင်းအရဆိုရင် ရခိုင်ပြည်နယ်မှာ
နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်း ၃ သောင်းခန့်ရှိပေမယ့်
ဒေသခံအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရဆိုရင် လက်ရှိမှာ ဒုက္ခသည် ၂
သိန်းကျော်နေပါပြီ။ သူတို့ရဲ့ အခြေအနေက တနေ့တခြား
ပိုမိုယိုယွင်းလာနေတယ်လို့ လာမယ့် ရွေးကောက်ပွဲ မှာ ရန်ကုန်တိုင်း
ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်
ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်ထုမေ ကပြောပါတယ်။
“ရခိုင်ပြည်နယ်က
အခြေအနေက ကိုဗစ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုထက် တိုက်ပွဲကြောင့်
စိုးရိမ်ပူပန်မှု ပိုရှိတယ်။ မြောက်ဦးတို့ ကျောက်တော်တို့ကို ကျမရောက်တယ်။
အဲဒီမှာ စစ်ရှောင်ပြည်သူတွေရဲ့ နေရေးထိုင်ရေးအခြေအနေက လိုအပ်ချက်တွေ
များစွာရှိနေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအသောက်၊ ကိုဗစ်နဲ့ပတ်သက်တဲ့
သတင်းသိရှိမှု အခြေအနေ၊ အထူးသဖြင့် မြောက်ဦးလို ကျောက်တော် လိုနေရာမျိုးမှာ
အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ပြည်သူလူထုက ကိုဗစ်နဲ့ ပတ်သက်တဲ့
သတင်းအချက်အလက်ကို ရရှိမှု အင်မတန်နည်းပါတယ်ရှင့်”
ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းအရ ကချင်ပြည်နယ်နဲ့
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၁ဝဝဝဝ ကျော်နဲ့ ကယားပြည်နယ်၊
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ၁၂ဝဝဝဝ ခန့်
ရှိပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်
ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မနန်းအိမွန်အောင်က
ဒီရက်ပိုင်း အတွင်း ပုံ့ဝိုး ဘုန်းကြီးကျေင်းကနေ ခန့်ခဲနဲ့
နမ့်မဟင်ရွာတွေကို ပြန်သွားခဲ့တဲ့ စစ်ဘေးရှောင်တွေရဲ့ အိုးအိမ်တွေကို
မြန်မာ့တပ်မတော်က ဖျက်ဆီးသွားခဲ့တယ်လို့ ပြောပါတယ်။
“ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့
သူတို့ကို ကူခဲ့ပါတယ်။ ကျမ သွားကူညီတဲ့ အချိန်မှာဆိုရင် အဖွားအိုတွေ
ငိုနေတဲ့ မျက်ရည်တွေ မျက်နှာတွေ တွေ့ရတာ စိတ်ထဲမှာ ခံစားရတာ မကောင်းဘူး။
စစ်ဘေးတွေ ရှောင်ရတယ် အခုဆိုရင် သူတို့အိုးအိမ်တွေပါ ဖျက်ဆီးခံရတယ်။ ခန့်ခဲ
နဲ့ နမ့်မဟင်ရွာတွေက စစ်ဘေးရှောင်တွေပေါ့၊ လူအယောက်ပေါင်း ၇ဝဝ ကျော်က ဒီ
ပုံ့ဝိုးဘုန်းကြီး ကျောင်းတိုက်မှာ လာပြီး စစ်ရှောင်ရတယ်။ ၁၈
ရက်နေ့မှာမှသူတို့က ပြန်သွားတယ်။ ခန့်ခဲ ရွာမှာက တပ်မတော်က တအုပ်စုပြီး
တအုပ်စု အဲဒီမှာ စခန်းချတယ်။ အဲဒီရွာမှာရှိတဲ့ ကျွဲ၊ နွား၊ ဝက်၊ ကြက်တွေ
အကုန်လုံး သတ်စားသွားခဲ့ကြတယ်။ ရှိတဲ့ အိုးခွက်ပန်းကန်တွေအစ အိမ်တွေအစ
ဖျက်ဆီးပြီးတော့ ဒီတိုင်းပစ်ထား ခဲ့တာတွေ တွေ့ရတယ်။”
အဲဒီရွာသားတွေမှာ လတ်တလော စားစရာမရှိတော့လို့ ဒေသခံ စေတနာရှင်တွေက ဝိုင်းဝန်းကျွေးမွေးနေ ရတယ်လို့လည်း သူက ပြောပါတယ်။
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းမှာရှိတဲ့ မနော်နော်ကတော့
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သူတို့မှာ အခုအလုပ်လည်း လုံးဝ
မရှိတော့ဘူးလို့ ပြောပါတယ်။
“ ကျမတို့အရင်တုန်းက တနေ့ကို
အမျိုးသမီး ၅ဝဝဝ ကျပ် အမျိုးသားက ၆ဝဝဝ ကျပ်လောက် တပတ်မှာ တကြိမ် ၂ ကြိမ်
အလုပ်သွားခဲ့ရတယ်။ ဒါပေမယ့် အခု ကိုဗစ်ရောဂါဖြစ်လာတဲ့ အချိန်ကစပြီးတော့
ကျမတို့ ဒီ camp မှာနေတဲ့သူတွေကို ခေါ်မဲ့လူလည်း မရှိဘူး၊ အလုပ်လည်း
လုံးဝမရှိတော့တဲ့အတွက် တော်တော်ကြီးတော့ ခက်ခဲနေပါတယ်။
ပိုက်ဆံသွားရှာမယ်ဆိုရင်လည်း တယောက်ယောက်က ဖျားနာတယ် ဖြစ်တယ်ဆိုရင် ဒီ camp
တခုလုံးမှာ ဒုက္ခ ရောက်မယ်။ အဲဒါကြောင့် ကျမတို့ အပြင်လည်း မထွက်ရဘူး။
ကုလသမဂ္ဂက တယောက်ကို ၁ သောင်း နဲ့ ၁ ထောင်ကျပ်နှုန်း၊ မိသားစု ၆
ယောက်ဆိုရင် တလကို ၆ သောင်း ၆ ထောင်ပဲရတယ်။ ကျမတို့ ဆန်လည်းဝယ်ရတယ် ဆီ ၊
ဆား၊ ကုလားပဲလည်း ဝယ်ရတယ်။ မလောက် ပါဘူး။ ကလေးတွေဆိုရင် အခုလဲ
ငတ်ပြတ်နေတဲ့ကလေးတွေ တော်တော်များတယ်။”
UNHCR ရဲ့
ထုတ်ပြန်ချက်မှာတော့ ၂ဝ၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို
ကူညီဖို့ အလှူငွေ ကန် ဒေါ်လာ ၃၉ သန်းခန့် တောင်းခံခဲ့ရမှာ အပြည့်အဝ
မရရှိတဲ့အတွက် ကန် ဒေါ်လာ ၂၂ သန်း နီးပါး ပဲ ထောက်ပံ့နိုင်ခဲ့တယ်လို့
ဖော်ပြထားပါတယ်။
https://www.rfa.org/burmese/program_2/war-refugees-in-myanmar-still-in-misery-10192020162932.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.