ကိုဗစ်ကပ်ရောဂါကာလ ကျောင်းတွေပိတ်ထားရတဲ့ အချိန်မှာ ပညာသင်ကြားရေး အဆက်မပြတ်အောင် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ သင်ခန်းစာတွေ သင်ကြားပို့ချပေးမယ့် အစီအစဉ်ကို နိုဝင်ဘာလအစောပိုင်းမှာ စတင်ဖို့ရှိကြောင်း ပညာရေးဝန်ကြီးဌာန ထိပ်ပိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်း ကိုဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက အကြောင်းစုံကို ပြောပြမှာပါ။
ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်များလာရာက ကြောငျးတှပေိတ်ထားရတာကြောင့် စာမသင်နိုင်ပဲ ဖြစ်နေရတဲ့ အခြေခံပညာ ကျောင်းသားတွေ အိမ်မှာနေရင်း စာသင်နိုင်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်နေတာပါ။ အင်တာနက်အွန်လိုင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေတဆင့် သင်ကြားပို့ချပေးမယ့် အစီအစဉ်ကို နိုဝင်ဘာလမှာ စတင်နိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သင်ကြားရေးကာလ နောက်ကျတာကြောင့် သင်ခန်းစာတွေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချထားပြီး အဓိကထားသင်ကြားရမယ့် သင်ခန်းစာတွေကို ဦးစားပေးပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။
“ဒီကာလမှာတော့ ဆရာတို့ကတော့ ကလေးတိုင်းဟာ သိသင့်သိထိုက်တဲ့၊ သင်ယူသင့်သင်ယူထိုက်တဲ့ အရေးကြီးဆုံးသင်ခန်းစာတွေကို ခုကာလမှာ ဆရာတို့က Curriculum Adjustment Conservation အနေနဲ့ ဆရာတို့ လုပ်နေတာဖြစ်ပါတယ်။ ဘာသာရပ်အားလုံးတော့ပါမယ်၊ သင်ခန်း စာတွေအားလုံးတော့ ဆရာတို့လုပ်နိုင်ဖို့ လတ်တလောမဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ နံပတ် ၁ ကတော့ အခြေခံအနေနဲ့ သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေပါမယ်။ နောက်တစ်ဆင့်ကိုကူးပြီးတော့မှ သင်ယူရတော့မယ်ဆိုရင် အဆင်သင့်ဖြစ်ဖို့အတွက် ပေါင်းကူးနိုင်တဲ့ သင်ခန်းစာတွေ ဆရာတို့ ထည့် ထားတယ်။ ဒါကြောင့်မို့ အဲ့ဒီအစွန်းနှစ်ခုပေါ့၊ တတ်ကိုတတ်ရမယ် သိကိုသိရမယ့်ဟာရယ်၊ ရှေ့ဆက်ပြီး တော့ သင်ယူဖို့ရာအတွက် အချိတ်အဆက်ဖြစ်နိုင်တဲ့သင်ခန်းစာတွေကို ဆရာတို့ထည့်ထားတာဖြစ်ပါ တယ်။ (သင်ခန်းစာ) လျှော့ချထားပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်လျှော့ချတယ်။ ဆရာတို့လည်း အခုထုတ်လွင့်ဖို့ကြိုးစားတယ်။ လေ့လာခြင်းမလေ့လာခြင်းက မသေချာဘူး။ အသေချာပေမယ့် ဆရာတို့ လုပ်သင့်တာတော့ လုပ်နေရမယ်။ အဲ့ဒီလူ၁၀ သန်းလောက်က လူတစ်သိန်းလောက် လေ့လာနိုင်တယ် ဆိုရင်တောင်မှ ဒါအမြတ်ရှိတယ်လို့ ယူဆပြီးတော့ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”
ကျောင်းသင်ခန်းစာတွေအတွက် ပြဌာန်းစာအုပ်တွေကို နိုင်ငံအနှံ့က ကျောင်းတွေကို ပေးပို့ထားပေမဲ့ ကပ်ရောဂါကြောင့် ဖြန့်ဝေဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ပြောပါတယ်။ ကပ်ရောဂါကြောင့် ပိတ်ထားရချိန်မှာ အွန်လိုင်းစနစ် အပါအဝင် အိမ်ကနေ သင်ယူနိုင်ဖို့ စီစဉ်နေပေမဲ့လည်း အင်တာနက် ဆက်သွယ်မှု အပါအဝင် နည်းပညာအခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒေါက်တာတင်မောင်ဝင်းကတော့ အွန်လိုင်းသင်ကြားရေးအတွက် အကူအညီပေးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
“အွန်လိုင်းမရတဲ့ မြို့နယ်က ခုဆိုရင် ၂၀ ပဲရှိတယ်၊ တစ်နိုင်ငံလုံးမှာမှ ကျန်တဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်က အွန်လိုင်းရတယ်။ ခုအွန်လိုင်းမရတဲ့ဟာမှာ လတ်တလောတော့ ရခိုင်ဒေသတွေရှိတယ်။ ကချင်ပြည်နယ်က တစ်ချို့ရှိမယ်၊ ရှမ်းပြည်နယ်ကတစ်ချို့ရှိမယ်၊ ဒါတွေကတော့မရဘူးပေါ့။ မရတဲ့ဒေသတွေမှာတော့ TV နဲ့ သွားတာပေါ့လေ။ TV နဲံမရရင်တော့ Radio နဲ့သွားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မတူညီမှုတွေကတော့ နေရာတစ်ကာမှာရှိနေမှာပါပဲ။ အခု Operator တွေပေါ့နှော် ၊ MPT တို့ Telenor တို့ Ooredoo တို့ Mytel တို့နဲ့ စကားပြောထားတာ ရှိပါတယ်။ သူတို့ကလည်းပဲ ဒီဟာနဲ့ ပတ်သက်လို့ Zero Charged ပေါ့နှော်၊ အခမဲ့ဒေတာ သုံးခွင့်ရအောင် သူတို့က ကူညီပေးကြမှာဖြစ်ပါတယ်။ ဆရာတို့လည်း ညှိနှိုင်းနေပါတယ်။ သူတို့လည်းပေးဖို့ရှိပါ တယ်။”
ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ တကျော့ပြန် ကူးစက်မှုတွေကြုံခဲ့ရတာကြောင့် ၁ လလောက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။
ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁ သောင်းခွဲ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.