Breaking

November 18, 2020

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ကပ်ဘေးကြောင့် နှောင့်နှေး

 နေမျိုးထွန်း

2020-11-17

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရှိတာကို ကြိုဆိုကြောင်း၊ အစိုးရသစ် ဖွဲ့စည်းပြီးနောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သုံးပွင့်ဆိုင် ဆွေးနွေးမှု မကြာခင် စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ အဲဒီလို ဆွေးနွေးပွဲတွေ မဖြစ်နိုင်သေးဘူးလို့ RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင် စေလိုပြီး ဆွေးနွေးမယ့်နေရာက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ ဖြစ်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က သတင်းထောက်တွေကို နိုဝင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune အွန်လိုင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ မကြာခင်က ကတိကဝတ်တွေ ပေးထားတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုမန်ကို ပြောကြားခဲ့ကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တရုတ်အစိုးရက မြန်မာအစိုးရနဲ့ ပုံမှန်ဆက်သွယ်မှုတွေ ဆက်လက်ရှိနေတယ် လို့လည်း မစ္စတာ ဝမ်ယီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဆက်သွယ်မှုတွေရှိပေမယ့် သုံးပွင့်ဆိုင် ဆွေးနွေးရေးအတွက် စီစဉ်မထားသေးဘူးလို့ RFA ကိုပြောပါတယ်။ ပြည်ပခရီးသွားရောက်ရေးဟာ ကပ်ဘေးကာလမှာ relief flight လို့ ခေါ်တဲ့ ကယ်ဆယ်ရေးလေယာဉ်ကိုသာ အားကိုးရခြင်းဟာလည်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ လောလောဆယ်ကတော့ ဘာမှ စီစဉ်ထားတာ မရှိသေးပါဘူးခင်ဗျ။ လောလောဆယ် အနေအထားကလည်း ကိုဗစ်အခြေအနေအရပေါ့၊ ဒါတွေ ထည့်သွင်းစဉ်းစားရမှာပေါ့လေ။ ကျွန်တော်တို့ ဆက်သွယ်မှုတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အညီ လုပ်ငန်းစဉ်တွေကို ကျွန်တော့်ဘက်က လုပ်စရာရှိတာတွေကိုတော့ ဆက်သွယ် ဆောင်ရွက်နေပါတယ်။ အစည်းအဝေးတွေ ဘာတွေကတော့ အခုအနေအထားအရ ဘယ်ကိုမှလည်း ထွက်လို့၊ သွားလို့မရတော့ relief flight လိုက်မှရတဲ့ အနေအထားဆိုတော့ လောလောဆယ် ဒီအနေအထားနဲ့ ကန့်သတ်ချက်လေးတွေ ဖြစ်နေတာပေါ့။”

နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ဒုက္ခသည်တွေရဲ့ စာရင်းတွေကို လူဝင်မှုကြီးကြပ်ရေးက စိစစ်ပြီး မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဒုက္ခသည်တွေရဲ့စာရင်း ပြန်လည်ပေးပို့ထားပေမယ့် ပြန်လည်လက်ခံ ကြိုဆိုရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် တစ်ယောက်မှ ပြန်မလွှတ်နိုင်သေးဘူးလို့လည်း ဦးအောင်ကိုက ပြောပါတယ်။

သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးရေး အလားအလာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီကနေ့ မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဒုက္ခသည်တွေ နေရပ်ပြန်ရေး နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား အချက် ၄ ချက်ပါ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် ဇွန်လက သဘောတူညီမှုရခဲ့ပါတယ်။

ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုမန်တို့ မနှစ်က စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

တရုတ်အစိုးရဟာ ရိုဟင်ဂျာအရေး ပြေလည်အောင်ကူညီတဲ့နေရာမှာ ကံမကောင်း၊ အကြောင်းမလှစွာနဲ့ အတော့်ကိုနည်းနည်းပဲ လုပ်ပေးနိုင်တာတွေ့ရတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘေဂန်က ပြီးခဲ့တဲ့ အောက်တိုဘာလက ဘင်္ဂလားဒေ့ရှ်ကိုသွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီလိုပြောလိုက်တဲ့အတွက် အမေရိကန်ဟာ သံတမန်ကျင့်ဝတ် ချိုးဖောက်တဲ့အပြုအမူဖြစ်တယ်လို့ တရုတ်ဘက်က ပြန်လှန်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ တတိယပတ်ထဲမှာပဲ၊ တရုတ်နိုင်ငံခြားရေးဝမ့်ယီက ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်ခေါ်လိမ့်မယ်လို့ သူတို့ကို ကျိန်းသေပေါက်ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်ကိုတယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကနေ အောက်တိုဘာလလောက်အထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အမျိုးသား ၁၇၀ နီးပါး၊ အမျိုးသမီး ၂၉၀ ဦးရောက်ရှိကြောင်း အစိုးရက ထုတ်ပြန်ပြောဆို ထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာတော့ မရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အဓိက အဟန့်အတားက ဒုက္ခသည်တွေ နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ အချက်အပေါ်  မူတည်နေတယ်လို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့် အမြန်ဆုံးပေးဖို့နဲ့ ခွဲခြားတဲ့ မူဝါဒ၊ လုပ်ဆောင်ချက်တွေ အမြန်ဆုံး အဆုံးသတ်ပေးဖို့ ကုတုပါလောင် ဒုက္ခသည်စခန်းက ဦးအောင်မြိုင်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စနော်။ ဒါ လဝက မှာ မှတ်ပုံတင်ရှိပြီးသားပါ။ ပုံစံ ၁ ဆိုပြီးတော့ ဒီပုံစံ ၁ ကို အခြေခံပြီးတော့ ကျွန်တော်တို့ ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ပေးပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး အခြားကိစ္စတွေမှာလည်း ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ပြီးတော့ ခွဲခြားသော မူဝဒါ ပေါ်လစီ လုပ်ဆောင်ချက်တွေကိုလည်း အဆုံးသတ်ဖို့ တိုက်တွန်းလိုပါတယ်။”

ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် NVC လို့ခေါ်တဲ့ အမျိုးသားစိစစ်ရေးကတ်က အကြီးအမားဆုံး အဟန့်အတားဖြစ်ပြီး အစိုးရအသစ်အနေနဲ့ ဒါကို ဂရုစိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အကြီးဆုံးအခက်အခဲကတော့ သူတို့ကို NVC ဆိုတာ ပေးလိုက်ရင် နိုင်ငံမဲ့ဘဝကို ရောက်သွားမယ်ဆိုတဲ့ စိုးရိမ်သောက က (ဒုက္ခသည်တွေမှာ) ရှိနေတယ်။ NVC ဆိုတာ အထောက်အထားမဲ့တဲ့ သူတွေကို နိုင်ငံသား လျှောက်ခွင့်ရအောင် ဖွင့်ပေးတဲ့ လမ်းစလေးပဲ။ သို့သော် အဲဒါကို လာသမျှလူ တစ်ယောက်မကျန် အကုန်လုံး နယ်စပ်က NVC ထုတ်ရမယ်။ ပေးမယ်ဆိုရင် ကျွန်တော်တို့ Covid 19 ဖြစ်ဖြစ်၊ AA နဲ့ စစ်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ဘာမှမဖြစ်လည်း အဲဒီလူတွေက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွား (မယ်လို့ စိုးရိမ်ကြ) မှာဖြစ်တဲ့အတွက် ဒါ (ဒီကိစ္စဟာ ပြန်လည်ခေါ်ယူရေးအတွက်) အကြီးဆုံး အဟန့်အတား ဖြစ်နေတယ်။ ဒါကိုတော့ အစိုးရသစ်က ဂရုတစိုက်လုပ်ဖို့လိုတယ်”

ဒုက္ခသည်တွေနေရပ်ပြန်ရေး အစီအစဉ်မှာ နိုင်ငံသားကတ်ကိစ္စနဲ့ ပတ်သက်လို့၊ မိဘနှစ်ပါးလုံးမှာ အမျိုးသား မှတ်ပုံတင်ကတ် ရှိထားရင် သူတို့သားသမီးတွေကိုလည်း အဲဒီလိုကတ် ထုတ်ပေးမှာဖြစ်ပြီး အမျိုးသား မှတ်ပုံတင်ကတ် မရှိသေးတဲ့သူတွေကိုတော့ NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ခံမယ့်သူတွေကို ထုတ်ပေးတဲ့ သက်သေခံကတ်ပြားကို ထုတ်ပေးမယ့်အကြောင်း မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒုက္ခသည်တွေကို ပြောကြားထားပါတယ်။

ဒုက္ခသည်ကိုယ်စားလှယ်တွေက ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသား သတ်မှတ်ပေးဖို့၊ နိုင်ငံသားစိစစ်ရေးကတ်ပြား NRC ကတ် ထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး အစိုးရက ဒီအချက်တွေကို လက်မခံနိုင်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်နိုင်မှသာ ဒုက္ခသည်တွေကို အစိုးရက NRC ကတ်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

အခုလက်ရှိ အာဏာရ NLD ပါတီဟာ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာအများဆုံး အနိုင်ရထားတာကြောင့် ၁၉၈၂ ဥပဒေကို ပြင်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ပြန်ခေါ်မလား ဆိုတာနဲ့ အရင်အတိုင်း ဒီဥပဒေကို မပြင်ဆင်ဘဲ ဆက်လက် ငြင်းဆန်နေမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

“ဒီ ၈၂ နိုင်ငံသားဥပဒေက မြန်မာနိုင်ငံမှာ ပြဿနာ တော်တော်ကြီးတယ်ပေါ့နော်၊ အခုလက်ရှိ NLD မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေမှာ အများဆုံး အနိုင်ရထားပြီးတော့ ဒီ ၈၂ ဥပဒေကို ပြင်ပြီးတော့ ဒီရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ပြန်ခေါ်မလား ဆိုတဲ့ဟာက အခုလက်ရှိအချိန် အထိ ဒွိဟဖြစ်စရာ ဖြစ်နေသေးတယ်ပေါ့။ ဂဃနဏ ကျွန်တော်တို့လည်း မသိသေးဘူးပေါ့။ နောက်တစ်ခုက ၈၂ ဥပဒေကို မပြင်ဘဲနဲ့ ဒီအတိုင်းဆက်သွားပြီးတော့ ICJ တို့ ICC တို့မှာ အမှုရင်ဆိုင်မလားဆိုတဲ့ဟာမျိုးလည်း ရှိတယ်ပေါ့၊ ကျွန်တော်တို့ အမာလိုင်းကနေပြီး အဲလိုဆက်ပြီး ငြင်းဆန်ပြီးတော့ ဒုက္ခသည်တွေကို ထိုက်သင့်တဲ့ အခွင့်အရေးတွေ မပေးတာတွေ၊ သူတို့ကို ဖိနှိပ်တာတွေ ဆက်လုပ်မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်နေတယ်။”

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ ၂ဝ၁၉ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံရပြီး ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ သုံးနှစ်ရှိပြီဖြစ်ပြီး အဲဒီ ကိစ္စတွေမှာ မြန်မာအစိုးရက တာဝန်ရှိတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု လူမျိုးတုံး သတ်ဖြတ်ခံရမှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ခုံရုံး ICJ မှာ ရုံးတင် စစ်ဆေးခံနေရတာဖြစ်ပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့ ဖေဖော်ဝါရီလက ကြားဖြတ်အမိန့် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အဲဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့ကို ဆုံးဖြတ်ထားရာမှာ ပထမအကြိမ် အစီရင်ခံစာကို မေလက တင်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။

 https://www.rfa.org/burmese/program_2/delay-to-discuss-rohingya-case-11172020041446.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.