Breaking

November 7, 2020

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ရာထူးမှ အငြိမ်းစား ယူ၊ မယူ အတိ အကျ မဖြေ၊ နိုင်ငံ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်မည်ဟုဆို

Khit Thit Media

 

ရန်ကုန်၊ နိုဝင်ဘာ ၆
များမကြာမီ အသက် ၆၅ နှစ်ပြည့်တော့မည့်ဖြစ်သည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ်ရာထူးမှ အငြိမ်း စား ယူ၊ မယူ အတိ အကျ မဖြေဘဲ နိုင်ငံတော် အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်အဆာဟိရှင်ဘွန်း သတင်းစာနှင့် အင်တာ ဗျူးတွင် ပြောဆိုလိုက်သည်။
အဆာဟိရှင်ဘွန်းသတင်းစာက "လူကြီးမင်းအနေနဲ့ လာမယ့်နှစ်မှာ အနားယူမယ်ဆိုတဲ့ သတင်းအချို့တွေ့ ပါတယ်။ အမှန်တကယ်အနားယူမယ့်အချိန်က ဘယ်တော့လဲခင်ဗျာ။ အနားယူပြီးတဲ့အခါ လူကြီးမင်းရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘာပါလဲခင်ဗျာ" ဟု မေးမြန်းစဉ် ၎င်းက အခြေခံဥပဒေ ပါ နိုင်ငံသားအခွင့် အရေးနှင့်အညီ နိုင်ငံတော်၏ အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်သွားမည်ဟု ပြန်လည် ဖြေဆိုခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။
"တပ်မတော်သားတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ကျွန်တော်အနေနဲ့သော်လည်းကောင်း ဥပဒေအရပဲ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ အညီ နိုင်ငံတော်ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ရွေးချယ်မှုဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ရာထူး ရရှိခဲ့သည်။ တပ်ချုပ်အဖြစ် ရွေးချယ်ခန့်အပ်စဉ်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးအဆင့်သာရှိနေသေးသည့် အချိန် ဖြစ်သည်။
ဗိုလ်သင်တန်း အပတ်စဉ် ၁၈ ကျောင်းဆင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ချန်လှပ်ထားပြီး ဗိုလ်သင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်ချုပ် အဖြစ် ခန့်အပ် ခဲ့ခြင်းဖြစ်ရာ ဗိုလ်သင်တန်း အပတ်စဉ် ကြီးစဉ်ငယ်လိုက် မဟုတ်ဘဲ ထိုအချိန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ ယုံကြည်မှု၊ နီးစပ်မှုရှိသူကိုသာ တာဝန် လွှဲပြောင်း ပေးအပ်ခဲ့ သည့် ပုံစံပင်ဖြစ်သည်။
၂၀၁၆ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၀ ပြည့်ချိန်တွင် တပ်မ တော်၊ ကကနကောင်စီ က တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့သည် အသက် ၆၅ နှစ် အထိ တာဝန် ထမ်းဆောင်နိုင် သည်ဆိုသော ညွှန်ကြားလွှာ တစ်ရပ် ထုတ်ပြန်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆက် လက် တပ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်။
၂၀၁၄ ခုနှစ် ၄/၂၀၁၄ ကကနကောင်စီ အမိန့်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို အသက် ၆၅ နှစ်ထက် မပိုသောကာလအထိ တာဝန် ထမ်း ဆောင် ခွင့်ပြုခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုခဲ့သည်။
ယင်းသို့ ခွင့်ပြုမှုသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီဖြစ်ပြီး တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း အခြားသော နိုင်ငံ့ဝန်ထမ်းများ ထက် စာလျှင် ထူးခြား သော သဘာဝရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၉၁ တွင်လည်း တပ်မတော်သားများနှင့် ပတ်သက်၍ တပ်မတော် ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း တပ်မတော်က ရှင်းလင်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ်ပြည့်သည့် ၂၀၂၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခွင့်ရရှိထားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်ဇူလိုင်လတွင် မွေးဖွား ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇူလိုင်လ တွင် အသက် ၆၅ ပြည့်မည်ဖြစ်ကြောင်း သိရှိရသည်။
Photo Credit -alliance/dpa/V.savitsky

No comments:

Post a Comment

Note: Only a member of this blog may post a comment.