Breaking

November 6, 2020

တပ်မတော်သား မဲစာရင်းတွေကို ထုတ်ပြန်ထားတာမရှိ

 ခေမဏီဝင်း

2020-11-05

တပ်မတော်သားတွေရဲ့ မဲစာရင်းက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လို့ လုံခြုံရေးအရ ထုတ်ပြန်မှာမဟုတ်ဘူး လို့ တပ်မတော်က ပြောဆိုထားပြီး လက်ရှိအချိန်အထိလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့  မဲစာရင်းတွေကို အတိအကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တပ်နယ်မြေမှာ အများပြည်သူတွေကို မဲစာရင်းကောက်သလို ကောက်လို့မရဘူးလို့ မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရှိန်က ပြောပါတယ်။

"အရေအတွက်ကို လုံခြုံရေးစည်းကမ်းထိန်းရလို့ ပြောလို့မရဘူး။ တပ်မတော်သားတွေ မဲဘယ်လိုပေးရလဲ ဆိုတာကို သိချင်ရင်တော့ ပြောပြလို့ရပါတယ်။ မဲဆန္ဒပေးခွင့် အရည်အချင်းနဲ့ကိုက်လို့ မဲပေးခွင့်ပြုရပါတယ်။ ပြုတဲ့အခါမှာ ပြုတဲ့စာရင်းမှာ ကြိုတင်ဆန္ဒမဲပေးချင်ရင် စာအိတ်တွေကို တပ်မှူးဆီကိုပို့ရပါတယ်။ ဆန္ဒပြု တာတွေကို မြို့နယ်ကော်မရှင်ကို ပြန်ပို့ရပါတယ်။ ရှေ့တန်းထွက်တာမျိုးမရှိရင် နောက်တန်းမှာ တာဝန် ထမ်းဆောင်သူတွေနဲ့ မိသားစုတွေကတော့ မဲရုံမှာပေးပါတယ်"

မန္တလေးတိုင်းထဲမှာ တပ်မတော်သားတွေ မဲပေးရမယ့် မဲရုံ ၅၁ ရုံရှိပြီး မိတ္ထီလာ၊ ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ တပ်မဲရုံ ငါးရုံထားရှိမှာဖြစ်သလို နန်းတွင်းပတ်လည် မျက်နှာစာတစ်ခုကို မဲရုံတစ်ခုစီ လေးခု ထားမှာဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်မှာ တစ်ခုထားမယ်လို့ ဦးဝင်းရှိန်က ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က အဲဒီမဲစာရင်းက ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်လို့ ပေါက်ကြားရင် လျှို့ဝှက်အက် ဥပဒေအရ  ပြစ်မှုမြောက်တယ်လို့ ပြောထားပါတယ်။

တပ်ထဲက မဲဆန္ဒရှင်တွေ စာရင်း အမှန်တကယ်ရှိ မရှိ ဆိုတာကို စစ်ဆေးနိုင်တဲ့စနစ်တစ်ခုတော့  လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ မျိုးညွန့် က ယူဆပါတယ်။

“တပ်မဲစာရင်းပဲဖြစ်ဖြစ်၊ မဲဆန္ဒရှင်တွေအားလုံးရဲ့ မဲစာရင်းက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ထဲမှာ ဒီမဲဆန္ဒရှင်တွေ အမှန်တကယ်ရှိ မရှိ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ဒီလူတွေ အမှန်တကယ်ရှိကြောင်းတော့ စစ်ဆေးနိုင်တဲ့စနစ်တခုရှိဖို့လိုပါတယ်”

ဆန္ဒမဲပေးမယ့် တပ်မတော်သားတွေရဲ့  အချက်အလက်တွေကို တောင်းတဲ့အခါမှာ ပေးလို့မရဘူးဆိုတဲ့ တုံ့ပြန်မှုတွေသာရလေ့ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့  မန္တလေးအခြေစိုက် ကနောင်အင်စတီကျု အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုး က ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံကို သွားနေတယ်ဆိုရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် သတင်းအချက်လက်တွေကို ဒီထက်ပိုပြီးချပြသင့်တယ်။ သတင်းရရှိမှုတွေက ဒီထက်ပိုပြီး လွယ်ကူသင့်တယ်။ ၂၀၁၅ တုန်းကလည်း မရသလို ၂၀၂၀ မှာလည်း မရဘူးဆိုတာက အစဉ်အလာဖြစ်လာမှာကို စိုးရိမ်တယ်။ ဒီလိုမျိုး မရရှိနေတာက ဒီမိုကရေစီခိုင်မာရေးမှာ ကြန့်ကြာမှုဖြစ်နေမလားလို့တော့ စိုးရိမ်မိတယ်"

ရွေးကောက်ပွဲမှာ မဲပေးရမယ့်အရေအတွက်ကို တပ်မတော်က တရားဝင် ထုတ်ပြန်နိုင်ခြင်းမရှိပေမဲ့ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်၊ အမျိုးသား၊ ပြည်ထောင်စု လွှတ်တော်တွေမှာတော့ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်း အလိုလျောက် နေရာရပြီးဖြစ်ပါတယ်။

ဒီလိုမထုတ်ပြန်တဲ့အပေါ်  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

"သက်ဆိုင်ရာဌာနက အဓိကကျတယ်။ UEC ကလည်း မကြေညာဘူး၊  တပ်ကလည်းမကြေညာဘူးဆိုတော့ လုံခြုံရေးအရဖြစ်လိမ့်လို့ မြင်တယ်"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ စာရင်းကို ကော်မရှင်သိရှိပြီး ဖြစ်တယ်လို့ ပြောပါတယ်။


“လုံခြုံရေးအရတော့ မထုတ်ပြန်နိုင်ဘူးလေ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲ ရောက်နေတဲ့အဖွဲ့ တွေရှိတယ်။ တကယ်ပဋိပက္ခဖြစ်ပွားနေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာရောက်နေတဲ့ စစ်သည်တွေ ရှိတယ်။ အဲဒါတွေထုတ်ပြန်ရင် အဲဒီစစ်သည်တွေအင်အား သိမှာပေါ့။ ဒါပေမဲ့ အဲဒီစစ်သည်တွေ ဘယ်လောက် မဲပေးမယ် ဆိုတာ ကော်မရှင်လည်း သိပါတယ်။ ကော်မရှင်မှာလည်း စာရင်းရှိတယ်။ ကော်မရှင်ကလည်း ထုတ်ပြောမှာ မဟုတ်ဘူး၊ ထုတ်ပြောစရာအကြောင်းလည်း မရှိဘူး။ ဒါတွေသည် လုံခြုံရေးနဲ့ ပတ်သက်တာ တွေဖြစ်တဲ့အတွက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဘယ်နယ်မြေမှာ စစ်သည် ဘယ်လောက်ရောက် နေတယ်၊ ဘယ်နယ်မြေမှာ ဘယ်လောက်ရှိတယ် ဆိုတာ တပ်ရဲ့အင်အားအလွယ်တကူ ခန့်မှန်းနိုင်တာမလို့ ထုတ်မပြောခြင်းဖြစ်တယ်။ သို့သော် ပေးမယ့်စာရင်း အတိအကျပြုစုထားတယ်၊ နာမည်စာရင်းတွေပါ ကျနော်တို့က ပြုစုထားတယ်။ ကော်မရှင်လည်းသိတယ်။ ကော်မရှင်လည်း အဲဒါ ထုတ်ပြောစရာအကြောင်း မရှိပါဘူး”

တပ်မတော်သားတွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့အတွက် အရင်က တပ်ဌာနအတွင်းမှာသာ မဲပေးခဲ့ကြရတာပါ။

တပ်မဲရုံတွေကို အပြင်မှာထားဖို့အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လွှတ်တော်မှာတင်သွင်းခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

သြဂုတ်လဆန်းမှာတော့ ကော်မရှင်က လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ သီးသန့်မဲပေးနိုင်ဖို့ တပ်မဲရုံ ၆၃၂ ရုံ သတ်မှတ်ပြီး တပ်ပြင်ပမှာ ထားရှိမယ်လို့ ထုတ်ပြန်ပါတယ်။ တပ်မဲရုံတွေ ပြင်ပမှာရှိနေမယ်ဆိုရင် တပ်မတော်သားတွေနဲ့ တပ်မတော်သား မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုပိုရပြီး ကိုယ်စားလှယ် လောင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြမှာဖြစ်တယ်လို့  ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြော ပါတယ်။

တပ်နယ်မြေအတွင်း နေထိုင်သူတွေရဲ့ မဲစာရင်းထုတ်ပြန်မှုနဲ့ ပတ်သက်လို့တော့ ဒါကအကဲဆတ်တဲ့ကိစ္စ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ရန်ကုန်အခြေစိုက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကလည်း တပ်မတော်သားတွေရဲ့ မဲစာရင်းက ကန့်သတ်ချက် ဖြစ်နေတယ်လို့ ပြောပါတယ်။

“အချက်လက်ကို ပေးလို့ရတာ ရှိတယ်။ လုံခြုံရေးကာကွယ်ရေးကနေ မပေးပဲနေလို့ရတာရှိတယ်။ တပ်မတော် သားမဲစာရင်းကို အများပြည်သူသိအောင် ထုတ်ပြန်တာကတော့ လုံခြုံရေးအရကြည့်ရင်တော့ ကန့်သတ်လို့ ရတာ တွေ့ရတယ်။ တပ်မတော်သားစာရင်းကိုထုတ်ရင် ဘယ်နေမြေမှာ  အင်အားဘယ်လောက်ရှိတယ် ဆိုတာကို ဖော်ပြရာရောက်သွားတာပေါ့၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကတော့ သူရဲ့လုံခြုံရေး၊ ကာကွယ်ရေး အပေါ်မှာ မူတည်မယ်လို့ ထင်တယ်"

ရန်ကုန်အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက ဒါဟာရှုပ်ထွေးတဲ့လုပ်ငန်းစဉ် ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော် မဖြေချင်ဘူး။ ဘာလို့မဖြေချင်လဲဆိုတော့ မထုတ်ပြန်တဲ့ စာရင်းတွေက ကျနော်တို့ ဘယ်လိုယုံရမလဲ ဆိုတဲ့ ပြဿနာလည်း ရှိပါတယ်။ ဒါကိုရွေးကောက်ပွဲကော်မရှင်က ဆက်စီမံခန့်ခွဲမလဲဆိုတာ ကျနော်တို့လည်း မသုံးသပ်နိုင်ဘူးပေါ့။ နိုင်ငံတကာမှာတော့ ဒီထက်အများကြီး ပိုရှင်းလင်းမယ်ထင်တယ်။ အားလုံးက နိုင်ငံသား ပဲလေ။ သူ့မှတ်ပုံတင်ရှိတယ်၊ သူ့မဲစာရင်းပါရင် မဲပေးရုံပဲလေ”။

 https://www.rfa.org/burmese/program_2/military-voter-lists-not-release-11052020044200.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.