2020-11-13
မြန်မာအာဏာပိုင်တွေနဲ့ နိုင်ငံရေးစစ်ရေး ဆွေးနွေးတာတွေ အဆင်ပြေသွားရင်
ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့
ကိုယ်စားလှယ်လောင်းသုံးဦးအရေးဟာ အလိုလို အဆင်ပြေသွားမယ်လို့
ရက္ခိုင့်တပ်တော် AA က ဒီကနေ့ RFA ကို ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲက
မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ
အမြန်ဆုံးကျင်းပနိုင်ရေးအတွက် တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ
ရပ်ပြီး NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်သလို၊
ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် AA အနေနဲ့ သင့်တော်သလို ပံ့ပိုးကူညီမယ်လို့
ရခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ခဲ့အပြီး တပ်မတော်ဘက်က
ကြိုဆိုထောက်ခံခဲ့အပြီး စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ နှစ်ဖက်အကြား ဆက်ဆံရေး
အဆင်ပြေတိုးတက်လာမယ်လို့ မျှော်လင့်မှုတွေရှိနေချိန်မှာ AA အဖွဲ့က အခုလို
ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီအဖမ်းခံထားရတဲ့
ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ
ခိုင်သုခကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့တွေ အကုန်လုံး
ကျန်းကျန်းမာမာနဲ့ ရှိတယ်လို့ ဆိုပါတယ်။
''တောင်ကုတ်က NLD
အမတ်လောင်း သုံးယောက်လုံး ကျန်းကျန်းမာမာရှိတယ်။ ဘာမှ စိုးရိမ်စရာမရှိဘူး။
ကိုမင်းအောင်ဆိုရင် သွေးတိုးလည်းရှိတော့ ကျနော်တို့ သူ့ကိုကောင်းကောင်း
စောင့်ရှောက်ထားပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ကျန်တာကတော့ ကျနော်တို့
နိုင်ငံရေးအရ တဖက်နဲ့ တဖက်တွေ့ဆုံဆွေးနွေး အဆင်ပြေသွားရင်တော့
ဒီကိစ္စအားလုံး အဆင်ပြေသွားပါလိမ့်မယ်၊ အခုလောလောဆယ်တော့ ဒီလောက်ပဲ
ပြောလို့ရပါသေးတယ်''
တဆက်တည်းမှာပဲ ရခိုင့်တပ်တော် AA က
ဖမ်းထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့
ကိုယ်စားလှယ်လောင်းသုံးယောက်စလုံး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်လို့
သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက တောင်ကုတ်မှာ
NLD ပါတီက အနိုင်ရခဲ့ပေမယ့် ဒီနှစ်ရွေးကောက်ပွဲမှာတော့
ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံထားရတာကြောင့် ရှုံးနိမ့်ခဲ့ရတယ်လို့
တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်ကပြောပါတယ်။
''
ဖမ်းဆီးခံထားရတဲ့ သုံးယောက်လုံး ရှုံးပါတယ်။ မဲကတော့ ပြည်သူ့လွှတ်တော်မှာ
ငါးရာ၊ ပြည်နယ်လွှတ်တော်မှာ ရှစ်ရာ၊ အမျိုးသားလွှတ်တော်မှာ ခုနှစ်ရာလောက်စီ
ကွာသွားပါတယ်။အဖမ်းခံထားရတဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ပါလာရင် အခြေအနေက
ပြောင်းချင်ပြောင်းသွားမှာပေါ့။ လောလောဆယ်တော့ သူတို့မရှိတာကြောင့်လည်း
အားနည်းသွားတယ်လို့ ဆိုနိုင်ပါတယ်''
ဒေသခံ NLD ပါတီအနေနဲ့ AA
ဘက်က ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်းသုံးယောက်နဲ့ အခုအချိန်ထိ
အဆက်အသွယ်မရသေးဘူးလို့လည်း ဦးတင်သိန်းအောင်က ပြောပါတယ်။
တောင်ကုတ်မြို့နယ်
ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့
ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး
တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန်
အောက်တိုဘာလ (၁၄) ရက်နေ့မှာ ရခိုင့်တပ်တော် AA က ဖမ်းဆီးသွားတာပါ။
လက်ရှိအာဏာရ
NLD အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေ၊
ကျောင်းသားတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက်ကိုလည်း
ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ဖမ်းဆီးပြီးနောက် (၅) ရက်အကြာမှာ
ရခိုင့်တပ်တော် AA က ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။
AA အဖွဲ့က ဖမ်းဆီးထားသူ သုံးဦးထဲက ဒေါ်နီနီမေမြင့်ရဲ့ ခင်ပွန်း ကိုလင်းနိုင်ကတော့ …..
''ဖမ်းထားတယ်ဆိုတာ
ကျနော်တို့က ပုံပဲတွေ့ရတာလေ။ အသက်အန္တရာယ်ပဲ ထိခိုက်သလား။ ကျန်းမာရေးရော
ကောင်းရဲ့လားဆိုတာ အသံလည်း မကြား မြင်လည်း မမြင်ရဆိုတော့ တအားစိုးရိမ်ရတဲ့
အခြေအနေရှိတာပေါ့။ အဓိက ရွေးကောက်ပွဲတခုတည်းကိုပဲ ဦးတည်တာ မဟုတ်ဘူးဆိုတာ
တွေ့ရတာပေါ့။ ရွေးကောက်ပွဲအတွက်ပဲဆိုရင် အခုဆိုရင် ပြန်လွှတ်ရမယ်လေ၊
နိုင်ငံရေးအပေးအယူလုပ်ဖို့ဆိုတာ တပ်ကရော အစိုးရကရော ကမ်းလှမ်းထားပြီးသား။
သူတို့လည်း တွေ့ဖို့ ကြေညာချက်တွေ ထုတ်ပြီးသားလေ၊ သုံးဦး သုံးဖလှယ်
ဒီလိုအဆင်ပြေနေတောင် ခုထိ မလွှတ်သေးဘူးဆိုတာကတော့ ဘာကြောင့်လည်း
စဉ်းစားလို့မရဘူး''
ဒီနှစ် (၂၀၂၀) ရွေးကောက်ပွဲအတွက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမှတ်(၂) နေရာတွေအတွက်
ရခိုင်အမျိုးသားပါတီ ANP က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်နယ်လွှတ်တော် အမှတ်(၁)နေရာမှာတော့ ရွေးကောက်ပွဲ
မကျင်းပနိုင်ခဲ့တာကြောင့် ကိုယ်စားလှယ် ထွက်ပေါ်လာခြင်း မရှိပါဘူး။
https://www.rfa.org/burmese/news/detained-nld-candidates--11132020102308.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.