Breaking

November 14, 2020

NLD ကြေညာချက်အပေါ် တိုင်းရင်းသားပါတီတွေ ဘယ်လို သဘောထားသလဲ

 
ဝေယံမိုးမြင့်
2020-11-13

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ မဲရရှိပြီလို့  NLD ပါတီက ထုတ်ဖော်ပြောဆိုလိုက်ပြီး တိုင်းရင်းသား၊ လူမျိုးစုတွေရဲ့ သဘောထားကို အလေးထားဆောင်ရွက်သွားမယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ တိုင်းရင်းသားပါတီ ၄၈ပါတီရဲ့ အမည်တွေနဲ့ တွဲပြီးကြေညာထားတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တဲ့အထိ မဲအနိုင်ရပြီ လို့ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက် ညနေမှာ ပါတီခေါင်းဆောင်ပိုင်းက အတည်ပြုပြောဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးတာ ငါးရက်မြောက်ပြီဖြစ်လို့ NLD ပါတီက လုံးဝအနိုင်ရပြီဆိုတာ တိတိကျကျ ပြောနိုင်ပြီလားလို့ RFA ကဆက်သွယ်မေးမြန်းတဲ့အခါ ပါတီအောင်နိုင်ရေးကော်မတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က အခုလိုပြောတာပါ။

“ ပြောနိုင်ပါပြီခင်ဗျ။ အခု UEC ကြေညာချက်က ဒီနေ့ထပ်ကြေညာတာနဲ့ဆို ၃၆၀ ကျော်သွားပါပြီ။ အဲတော့ ကျနော်တို့အစိုးရဖွဲ့နိုင်တယ်ဆိုတာ တရားဝင်ကို ဖြစ်သွားပါတယ်”

မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေမှာတော့ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်နဲ့ NLD ရဲ့ ရည်မှန်းချက်တူတဲ့အတွက် အနာဂတ်မှာ တိုင်းရင်းသားတွေရဲ့ဆန္ဒကို ဦးစားပေးဆောင်ရွက် သွားမယ်။ ဒါကြောင့် NLD က ဆောင်ရွက်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးမှာ တိုင်းရင်းသားပါတီတွေက NLD နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေညာပြီး တိုင်းရင်းသား ၄၈ ပါတီကို ရည်ညွှန်းဖော်ပြထားပါတယ်။


သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကေတာ့ “National Unity Government” ဆိုတဲ့ “အမျိုးသား ညီညွတ်ရေးအစိုးရ” ကို ဖွဲ့စည်းမယ့် အစီအစဉ်ရှိတဲ့အကြောင်း ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားဖူးပါတယ်။

ဒါပေမဲ့ NLD ရဲ့ ကြေညာချက်ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို အလေးအနက်မထားဘဲ ထုတ်တာမျိုးဖြစ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ဝေဖန်ပါတယ်။

“NLD အနေနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းကို လုပ်မယ်ဆိုတဲ့ကိစ္စဟာ အင်မတန်အလေးအနက်ထားပြီး လုပ်ရကိုင်ရမယ့်ကိစ္စ ဖြစ်တယ်လို့ မြင်တယ်။ ဒါပေမဲ့ အခုလို ကြေညာချက် ထုတ်ပြန်တဲ့ လုပ်ငန်းစဉ်ကို ကြည့်ရင် သပ်ရပ်မှုမရှိဘူး။ အလေးအနက်ထားပြီး လုပ်ဆောင်တဲ့ အနေအထားမျိုး မရှိဘူး။ အဲဒါကြောင့်မို့ တပ်နဲ့ AA ဘက်က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်တိုက်ခိုက်ဖို့အတွက် ကမန်းကတန်း ထလုပ်လိုက် တာလားလို့တောင် တွေးစရာဖြစ်ပါတယ်ခင်ဗျ။”


တခြားတိုင်းရင်းသားပါတီတွေကတော့ ဒီကြေညာချက်ကို ယေဘူယျသဘောထုတ်လိုက်တာ မဟုတ်ဘဲ အမှန်တကယ်လက်တွေ့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်စေချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက ဒီကြေညာချက်အပေါ် သတိကြီးစွာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။


“သူတို့ရဲ့ ကတိကဝတ်တွေက မတည်မြဲခဲ့တာ များပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်။ ဒါ ထားလိုက်တော့။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိလို့။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်မယ်။ ဒါပေမယ့် ဘာမှမဖြစ်လာဘူး။ အဲတော့ အခု သူတို့ဖိတ်ခေါ်တာက တကယ်တမ်း စေတနာအမှန်နဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့၊ အကောင်အထည်ဖော်နိုင်တယ်ဆိုရင် ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သို့ပေမယ့် အဖြစ်သဘောလောက် ပျားရည်နဲ့ ဝမ်းချတဲ့ အနေအထားလောက်ဆိုရင်တော့ ကျနော်တို့ လက်မခံနိုင်ဘူး။”


NLD ပါတီ ကြေညာချက်မှာ ဖော်ပြထားတဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်ခွင့်ဆိုတာ ပြည်နယ်အစိုးရအဖွဲ့တွေထဲမှာ တိုင်းရင်းသားတွေကို ထည့်သွင်းစေချင်တဲ့ မျှော်လင့်ချက်လည်း ရှိနေကြပါတယ်။

NLD အစိုးရသက်တမ်းအတွင်း၂၀၁၆ ခုနှစ်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးနေရာနဲ့ ဒုတိယဝန်ကြီးနေရာအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် SNLD က ငြင်းပယ်ခဲ့ပါတယ်။

လာမယ့် အစိုးရသစ်မှာလည်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင် SNLD ရဲ့ သဘောထားက ဘယ်လိုရှိမလဲ လို့ RFA က မေးတဲ့အခါမွာ SNLD ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “အခုပြောဖို့ စောသေးတယ် စောင့်ကြည့်ရဦးမယ်” လို့ ပြောပါတယ်။

NLD ပါတီဟာ သူ့ရဲ့ ပထမအစိုးရသက်တမ်းမှာ တိုင်းရင်းသားပါတီတွေကို အစိုးရအဖွဲ့ရဲ့ ဒုတိယဝန်ကြီးလို နေရာမျိုးနဲ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌလို နေရာမျိုးတွေမှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အလျဥ်းသင့်တဲ့ ပါတီတွေကိုပဲ ရွေးချယ်ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

တိုင်းရင်းသားတွေ လိုချင်တာက ကိုယ့်ပြည်နယ်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဆိုတဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေးတွေမှာ ပါဝင်ခွင့်ပဲဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဖေသန်းက ပြောပါတယ်။

“တိုင်းရင်းသားတွေ အာရုံစိုက်တာက ကိုယ့်ပြည်နယ်မှာ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ ဖက်ဒရယ်အခွင့်အရေးတွေဖြစ်တဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေးတွေမှာ ပါဝင်ဆောင်ရွက်ချင်တဲ့ သဘောမျိုး ပိုပြီးလိုလားတယ်။ အဲ့ဒါအတွက် အများဆုံးအနိုင်ရအောင်ကြိုးစားတယ်။ တကယ်တမ်း ဘယ်လောက်ပဲနိုင်နိုင် ကုန်ခဲ့တဲ့ ၅ နှစ်က ဆက်ဆံခဲ့တာ ပြည်နယ်အစိုးရမှာ ဦးဆောင် ပါဝင်ခွင့် မပေးဘူး နောက်တစ်ခုက ဖက်ဒရယ်ဆန်တဲ့ ပုဒ်မ ၂၆၁ လိုမျိုးကို အကြောင်းအမျိုးမျိုးပြပြီး ပြင်ဆင်တာမလုပ်ဘူး။ ဒါကြောင့် လာမယ့် ၅ နှစ်မှာ ပုဒ်မ ၂၆၁ ကို ပြုပြင်ပေးမလား။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီးတော့ ဒေသတစ်ခုကို ဘယ်လိုအဖြေရှာမလဲဆိုတာ သိပ်ပြီး အရေးကြီးပါတယ်။”


တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက NLD ပါတီက တိုင်းရင်းသားပါတီတွေကို မိတ်ဖက်သဘောပူးပေါင်းလာတာကို ကြိုဆိုပါတယ်။

“ ဒီအစိုးရသက်တမ်းမှာ  တိုင်းရင်းသားပါတီတွေနဲ့ သူ့သက်ဆိုင်ရာ ပြည်နယ်တွေမှာ မိတ်ဖက်ပါတီတွေအဖြစ်သဘောထားပြီး ပူးပေါင်းဆောင်ရွက်တာ ပထမအချက်ပါ တိုင်းပြည်အေးချမ်းရေး ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် ရေးအတွက် ကောင်းတဲ့ကိစ္စလို့ ပြောရ မွာပါ။ NLD ရဲ့ ကြေညာချက်မှာ NLD ရဲ့ မူဝါဒတွေအပေါ် အခြေခံမယ်လို့ ပြောထားတယ်။ NLD ရဲ့ မူဝါဒတွေမှာ တိုင်းရင်းသားတွေနဲ့ ကွဲလွဲမှုရှိရင် ဘယ်လိုညှိနှိုင်း မလဲဆိုတဲ့ ဆွေးနွေးပွဲရလဒ်က ပိုအရေးကြီးမယ်လို့ ထင်ပါတယ်။”

ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ ကတော့ တိုင်းရင်းသားတွေလိုချင်တာ ၁၉၄၇ ပင်လုံရဲ့ ကတိကဝတ်ဖြစ်တဲ့ လူမျိုးအခြေပြု ပြည်ထောင်စု စုဖွဲ့မှုမျိုးဖြစ်ပြီး ဒါကို ညှိနှိုင်းဖြေရှင်းနိုင်မှ ပူးပေါင်းဆောင်ရွက်ဖို့ အောင်မြင်နိုင်မယ်လို့ ထောက်ပြပါတယ်။

“လက်တွေ့ချင်းကပ်မှုက သူအမြဲပြောပြောနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပဲပြောနေတယ် အဲ့ဒါက ကျနော်အမြဲပြောနေတဲ့ ဒေသအခြေပြု ပြည်ထောင်စု စုဖွဲ့မှုကိုပဲ အားပေးနေမယ် အဲ့ဒါက ဒီဖက်က တိုင်းရင်းသားပြည်နယ်တွေနဲ့ သဟာဇာတမဖြစ်ဘူး အဲ့ဒီအတွေးအခေါ်ကိုပြောင်းဖို့လိုတယ် ။ ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေဖက်က လိုလားချက်က ၁၉၄၇ ပင်လုံ ကတိကဝတ် ဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းရင်းသားအခြေပြု စုဖွဲ့မှုပုံစံပေါ့။ အဲဒါက တော်တော်ညှိနှိုင်းယူရမယ်လို့ ထင်တယ်။”


ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP အတွင်းရေးမှူး ဦးသဲရယ် က NLD ရဲ့ ဒီကြေညာချက် တစ်စောင်နဲ့ အလွယ်တကူ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ NLD ကြားမှာ တကယ့်ကတိကဝတ်ပုံစံ စာချုပ်မျိုး ထပ်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ အဲ့လိုဆက်လုပ်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေကလည်း NLD နဲ့ ပူးပေါင်းပါဝင်မှာပေါ့။ အဲ့လိုမလုပ်နိုင်ရင်တော့ ကျနော်တို့က ဆက်စောင့်ကြည့်နေဦးမှာပေ့ါ။”

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးကတော့ ဒီကြေညာချက်ဟာ ရွေးကောက်ပွဲမှာ ပါဝင်ကြတဲ့ တိုင်းရင်းသားပါတီတွေကို အသိအမှတ်ပြုတဲ့ စာပဲလို့ သုံးသပ်ပါတယ်။

“ စာမှာတော့ အားလုံးအတူတူ ရုန်းကန်ကြတယ်၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတယ် အသိအမှတ်ပြု တဲ့ စာလေးပဲ ဖြစ်တဲ့အတွက် အထူးအထွေတော့ မှတ်ချက်မပြုလိုပါဘူး။”


ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက NLD ပါတီ အပြောနဲ့ လက်တွေ့ ကိုက်ညီဖို့ တိုက်တွန်းလိုက်ပါတယ်။

“ သူ့အပြောနဲ့ လက်တွေ့ကိုက်ညီဖို့ တိုင်းပြည်အေးချမ်းရေး၊ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးကို အမှန်တကယ် ဦးဆောင်ပေးနိုင်တဲ့ ပါတီဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ မျှော်လင့်ပါတယ် ။ တိုက်တွန်းပါတယ်။”


တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ ဘယ်လိုပုံစံနဲ့ ပူးပေါင်းမှာလဲဆိုတာနဲ့ ပတ်သက်လို့ NLD အောင်နိုင်ရေးကော်မတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကို မေးတဲ့အခါမှာတော့ ...

“ဖယ်ဒရယ်လစ်ဇင်ဆိုတာက ဒီမိုကရေစီစနစ်ခိုင်မာမှ တည်မြဲပါတယ်ခင်ဗျ။ အဲဒီလိုမဟုတ်ပဲ ကျနော်တို့ ဖက်ဒရယ်ကို ကျင့်သုံးလိုက်ရင် ခွဲထွက်တဲ့အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သတိထားတဲ့အနေနဲ့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီကျတဲ့ အခြေအနေတခုကို အရင်ဖန်တီးမယ်။ ပြီးရင် ကျနော်တို့ ဘယ်လိုဖယ်ဒရယ်မျိုးကို သွားမယ်ဆိုတာကို တိုင်းရင်းသားအားလုံး သဘောတူ ဆုံးဖြတ်ပြီးမှ သွားမယ်လို့ ကျနော်တို့ ပြောထားတာပါခင်ဗျ”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  ဒီနေ့အထိ ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက ပြည်ထောင်စုလွှတ်တော်မှာနေရာ ၃၆၀ ကျော်နဲ့ အများဆုံးရထားပြီး တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာတော့ ၄၀၀ ကျော် ရရှိထားပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီက ၁၃ နေရာ ၊ ရခိုင်အမျိုးသားပါတီက ၈ နေရာ ၊ မွန်ညီညွှတ်ရေးပါတီက ၅ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၅ နေရာ စသဖြင့် အသီးသီးရရှိထားကြပါတယ်။

နိုဝင်ဘာ ၁၂ ရက် ည ၈နာရီအထိ ကြေညာချက်တွေအရ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီ ၉ ပါတီက ပါဝင်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တိုင်းရင်းသားပါတီ ၁၂ ပါတီက နေရာရရှိထားပါတယ်။

 https://www.rfa.org/burmese/program_2/nld-statement-over-ethnic-issue-11132020093120.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.