Breaking

December 13, 2020

အမှုလိုက်ရင်း ကိုရိုနာကူးစက်ခံရတဲ့ ရှေ့နေ လေးဆယ်နီးပါးရှိပြီ

 အမှုလိုက်ရင်း ကိုရိုနာကူးစက်ခံရတဲ့ ရှေ့နေ လေးဆယ်နီးပါးရှိပြီ 

ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးကို တွေ့ရစဉ်

Photo: RFA

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သိန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူကလည်း နှစ်ထောင်ကျော်လာပြီ ဖြစ်ပါတယ်။

ကူးစက်ခံရသူတွေ သေဆုံးသူတွေထဲမှာ ရောဂါရှိသူတွေကို အနီးကပ် ကိုင်တွယ်ကုသပေးနေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲ မဲရုံတွေအသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း ကူးစက်ခံရ သေဆုံးရတဲ့ ဆရာ၊ ဆရာမတွေအပြင် ပုဂ္ဂလိက ရှေ့နေတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံရှေ့နေအသင်းရဲ့ ကိုဗစ်ကော်မတီက ရရှိထားတဲ့စာရင်းအရ ဒီနေ့အချိန်အထိ ရောဂါကူးစက် ခံထားရသူ ၃၈ ယောက်ရှိပြီး သေဆုံးသူ နှစ်ယောက်ရှိပြီလို့ ကော်မတီ ဒုတိယခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်လွင်မာဦးက ပြောပါတယ်။

"လက်ရှိစာရင်းမှာဆိုလို့ရှိရင် (ကူးစက်ခံရတာ) ၃၈ ဦးတော့ရှိပါတယ် ဟုတ်ကဲ့၊ ဒါ ကျွန်မ သတင်းရသလောက်ပါ။ သေဆုံးသွားတာက တော်တော်များတယ်။ ကျွန်မ စာရင်းမကောက်ခင်မှာကို လေးငါးဦး ဆုံးသွားတာရှိတယ်၊ ခက်တာက သတင်းမပို့ကြဘူး၊ သတင်းမပို့တဲ့အခါကျတော့ နောက်တစ်ဆင့်ကနေ ကြားရတာရှိတယ်၊ တချို့ကျတော့လည်း ကွယ်လွန်တာကို ထိန်ဝှက်ထားကြတယ်။ သေဆုံးသွားတာ တဆင့်ကြားတာတွေကတော့ တော်တော်များများရှိတယ်။ ဒါပေမဲ့ အဲဒီ သေဆုံးသွားတာတွေရဲ့ Contact အဆက်အသွယ်ပေါ့ ကျွန်မတို့ ရယူဖို့ကျတော့ အခက်အခဲရှိတယ်။ ဒီ ၃၈ ယောက်ကတော့ ကျွန်မ လုံးဝ အတိအကျပြောရဲတယ်၊ ဒီစာရင်းမက အပြင်မှာလည်း အများကြီးရှိတယ်"

ဒါဟာ တရားဝင် ဆက်သွယ်လာသူတွေနဲ့ လက်ရှိကော်မတီက ဦးဆောင်ပြီး ကူညီပေးနေတဲ့စာရင်းသာ ဖြစ်ပြီး စာရင်းထဲမှာ မပါဝင်ပဲ ကူးစက်ခံရ၊ သေဆုံးတဲ့ ရှေ့နေတွေ အခုထက်ပိုပြီး အများကြီးရှိတယ်လို့ ဒေါ်လွင်မာဦးက ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးတဲ့ ရှေ့နေတွေနဲ့ အခြားအကြောင်းအရာ တစ်ခုခုကြောင့်သေဆုံးပြီး ရောဂါ စစ်ဆေးလိုက်တဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရှေ့နေတွေလည်း အများအပြားရှိပြီး ရှေ့နေအသင်းရဲ့ ကိုဗစ်ကော်မတီကို မဆက်သွယ်တာနဲ့ အသိမပေးချင်ကြတာတွေကြောင့် တိတိကျကျမသိရဘူးလို့ ဒေါ်လွင်မာဦးက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ဖြိုးလတ်ကတော့ အမှုသည်ဆီကနေတစ်ဆင့် ကူးခံရတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်ကတော့ အမှုသည်အိမ်သွားရင်းနဲ့ Contact မိတဲ့ သဘောပေါ့နော်။ တရားရုံးကို သွားရင်းထိတာ မဟုတ်ဘူး။ တရားရုံးတွေက ပိတ်ထားတယ်လေ၊ တရားရုံးကိုလုံးဝမသွားဘူး၊ တရားရုံးကိစ္စဆိုရင် ကျွန်တော်တို့ ဖုန်းနဲ့ပဲ အလုပ်လုပ်တယ်။ ကျွန်တော် ဒီကိုမလာသင့်ဘူး ဘယ်လိုဖြစ်တယ် အကျိုးအကြောင်းပေါ့။ တရားရုံးကတော့ ကူးစက်နိုင်ခြေနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားသူကြီးတွေရော အကုန်လုံးက ခပ်ခွာခွာပဲနေကြတာလေ။ စာရေးဆိုလည်း မလာနဲ့ ဆိုင်းဘုတ်မှာပဲ စာကပ်တယ်၊ အထဲတောင်ပေးမဝင်ဘူး တချို့ကိစ္စတွေဆို။ အခုဆိုလည်း တချို့ရုံးတွေ ပေးမဝင်တော့ဘူးလေ၊ အမှုတင်တဲ့ ကိစ္စလောက်ပဲရှိမယ်။ ပါဝါထိုးတဲ့ ကိစ္စလောက်ပဲရှိတယ်"

တရားရုံးတွေ ပိတ်ထားပြီး အမှုတင်တာလောက်ပဲ တရားရုံးတွေကို သွားရတာဖြစ်လို့ အဲဒီကနေ ကူးနိုင်ခြေတော့ မရှိပေမယ့် အချုပ်ကျနေသူတွေ ရုံးမထုတ်တဲ့အတွက် အာမခံ လျှောက်ထားလို့ မရတာတွေလည်း ရှိတယ်လို့ ဦးအောင်ဖြိုးလတ်က ပြောပါတယ်။

ကိုဗစ်ကြောင့် တရားရုံးတွေ ပိတ်ထားပေမယ့် တရားစီရင်ရေးကိစ္စတွေက ရပ်လို့မရတာကြောင့် ရှေ့နေတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်သင့်တယ်လို့ တရားလွှတ်တော်ရှေ့ ဦးနေလက အကြံပြုပါတယ်။

"တိုင်းပြည်တစ်ပြည်ရဲ့ တရားစီရင်ရေးယန္တရားဆိုတာ ရပ်လို့မရဘူးလေ။ အဲဒီယန္တရားရှိနေသမျှ ရှေ့နေတွေအားလုံးကလည်း ဒီယန္တရားအပေါ်မှီခိုပြီးတော့ လုပ်ငန်းလုပ်ကိုင်ရတာ။ ရှေ့နေတွေအားလုံးကလည်းပဲ ကြောက်တတ်ပါတယ်၊ ကျွန်တော်တို့ တတ်နိုင်သမျှ အခုဆိုရင် နှာခေါင်းစည်း နှစ်ထပ်တပ်တယ်၊ မျက်နှာဖုံးစွပ်တယ်၊ လက်အိတ်စွပ်တယ်။ အခုအခံအကာကွယ်တွေနဲ့ ရှေ့နေတွေအားလုံးဟာ တရားရုံးကို သွားရောက်နေကြရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့လိုသလို အုပ်ချုပ်ရေး အာဏာပိုင်တွေကလည်းပဲ ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို နည်းနည်းလေး ပိုပြီးတော့ အလေးထားပြီးတော့ တင်းကျပ်ဖို့ လိုမယ်ထင်ပါတယ်"

ရှေ့နေတွေ ရောဂါပိုး ကူးစက်ခံရတဲ့ အရေအတွက်နဲ့ သေဆုံးတဲ့ အရေးအတွက်ကို တိတိကျကျမသိပေမယ့် ရောဂါပိုးတွေ ကူးစက်နေတဲ့ကြားထဲကပဲ တရားစီရင်ရေးယန္တရားကြီး မရပ်တန့်အောင် ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဦးနေလက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ တရားရုံးတွေပြန်မဖွင့်ခင် တရားရေးကိစ္စနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေအားလုံး တွေ့ဆုံပြီး ဆွေးနွေးတာတွေ လုပ်သင့်တယ်လို့ အကြံပေးပါတယ်။

"အခု တရားသူကြီးတွေ အပိုင်းမှာတင်မက ရဲတွေအပိုင်းမှာတင်မကတော့ပဲ ပြင်ပပုဂ္ဂလိက ရှေ့နေတွေပါ ထိခိုက်လာတာကို ကျွန်တော်တို့ ကြားသိနေရတယ်၊ ကျွန်တော်တို့ ရှေ့နေတွေထဲမှာတော့ အသက်ဆုံးရှုံးမှုတွေပါ ရှိလာနေတာကို တွေ့ရတယ်၊ တရားရုံးတွေကို ရန်ကုန်တိုင်းမှာ ပြန်မဖွင့်ခင်မှာ ပြင်ပက ရှေ့နေရှေ့ရပ် အသင်းတွေလည်းရှိတယ်၊ အဲက လူပုဂ္ဂိုလ်တွေကိုပါ တရားရေးကခေါ်ပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရင် ပိုကောင်းမယ်လို့ထင်တယ်၊ ရှေ့နေရှေ့ရပ်အသင်းအဖွဲ့က လူကြီးတွေနဲ့ Bar Council က လူကြီးတွေနဲ့ တိုင်ပင်ပြီးမှ တရားရုံးတွေ ဖွင့်သင့်တယ်လို့ ကျွန်တော်အကြံပြုလိုပါတယ်။"

ဒါ့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးနဲ့ အနောက်ပိုင်းခရိုင် တရားရုံးတွေကဲ့သို့ အခြားသော မြို့နယ် အသီးသီးက တရားရုံးတွေကိုလည်း ကျယ်ကျယ်ဝန်းဝန်း ဖြစ်အောင် ပြင်ဆင်ဆောင်ရွက် သင့်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

လက်ရှိမှာ တရားရုံးတွေ ပိတ်ထားဆဲဖြစ်ပြီး အမှုလက်ခံတာနဲ့ ကြားဖြတ်အမိန့်ချတာလောက်ပဲ လက်ခံပြီး ရုံးချိန်းတွေကို လူမှုကွန်ရက်အွန်လိုင်းကနေ ဆောင်ရွက်နေသလို အမိန့်ချတာတွေကိုလည်း အွန်လိုင်း ဗီဒီယိုစနစ်နဲ့ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံရှေ့နေအသင်းရဲ့ ကိုဗစ်ကော်မတီကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ပုဂ္ဂလိကရှေ့နေ တွေထဲက ကော်မတီကို ဆက်သွယ်လာတဲ့ ရှေ့နေတွေကို အစစအရာရာ ကူညီပေးနေသလို ရောဂါကူးစက်ခံရသူကို ငါးသောင်းကျပ်နဲ့ သေဆုံးသွားသူတွေအတွက် တစ်သိန်းကျပ် ထောက်ပံ့ပေးနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၄၄၈၇ ယောက်နဲ့ သေဆုံးသူ ၂၂၀၁ ယောက်ရှိသွားပြီဖြစ်ပြီး ပြန်လည်သက်သာလာသူ စုစုပေါင်း ၈၂၈၁၃ ယောက် ရှိနေပါပြီ။

 https://www.rfa.org/burmese/news/lawyers-infected-covid-12112020051935.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.