Breaking

February 16, 2021

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အမှုထပ်တိုး တရားစွဲဆို

 2021-02-16


စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို 
 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်တွေ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Myanmar state counsellor office

စစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင် ခဲ့ပါတယ်။

မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ တရားစွဲဆိုထားရာကနေ သဘာဝ ဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေးအန္တရယ် စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးတရားစွဲခဲ့တာဟာ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်က နေအိမ်ရှေ့မှာ ကားဆိုင်ကယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်တဲ့သူတွေကို နှုတ်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ကိုဗစ်စည်းကမ်း ဥပဒေနဲ့ ငြိစွန်းလို့ တရားစွဲဆိုတာဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားရုံးသတင်း ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲဆိုထားတာက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားမဝင် တင်သွင်းအသုံးပြုတဲ့ စကားပြောစက်တွေကို ရှာဖွေတွေ့ရှိခဲ့လို့ဆိုပြီး တရားစွဲခံထားရတာလို့ ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာဖြစ်ပေမယ့် သမ္မတ ဦးဝင်းမြင့်ကတော့ သူကိုယ်တိုင်လည်း ဥပဒေသမားရှေ့နေ တစ်ဦးဖြစ်တဲ့အတွက် ရှေ့နေ ငှားရမ်းလိုခြင်း မရှိဘူးလို့ ဒီနေ့ တရားရုံးထုတ်မှာ ပြောခဲ့ပါတယ်။

သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အမှု သုံးခုမှာ သက်သေ ၉ ဦးစီ ပါရှိကြောင်းနဲ့ အဲဒီအမှုတွေကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်စွာ တရားစီရင်နေတယ်လို့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိက ဆိုပါတယ်။

ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/aungsansukyi-sued-again-02162021042729.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.