Breaking

February 21, 2021

မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲ၊ ပြည်သူနှစ်ဦး ပွဲချင်းပြီးသေဆုံး

 စောဖိုးခွား - ဝါရှင်တန်ဒီစီ

2021-02-20

ဖေဖော်ဝါရီလ ၂ဝ ရက် ဒီကနေ့မနက် ၁၀ နာရီကစပြီး ညနေ ၅ နာရီကျော်အထိ မန္တလေး ရတနာပုံ သင်္ဘောကျင်း အနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM လုပ်နေတဲ့ ရတနာပုံသင်္ဘောကျင်းက ရေကြောင်းဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ပြီး ရေကြောင်း ပြန်ပြေးဆွဲဖို့ တပ်နဲ့ ရဲတပ်ဖွဲ့က ဒီမနက်ပိုင်းကစပြီး အင်အားသုံး ဖိအားပေးခဲ့တာက စခဲ့တာပါ။

ဒါကို လက်မခံနိုင်တာကြောင့် ရေကြောင်းဝန်ထမ်းတွေ၊ ရပ်ကွက်နေပြည်သူတွေက ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေ့လယ် ၁၂ နာရီခွဲလောက်မှာ နောက်တကြိမ် ဖြိုခွဲခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲ ပျက်မသွားတဲ့အတွက် နေ့လယ် ၂ နာရီလောက်မှာ တတိယအကြိမ် ရဲတပ်ဖွဲ့ဝင်တွေဘက်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတာ၊ နံပါတ်တုတ်နဲ့ ရိုက်နှက်တာတွေ လုပ်ခဲ့ပါတယ်။

ဒီညနေ ငါးနာရီရောက်တဲ့အချိန်ထိလည်း အနီးအနားမှာ ဆန္ဒပြသူတွေ ဆက်ရှိနေသေးတာမို့ ရဲတပ်ဖွဲ့က စတုတ္ထအကြိမ် ထပ်မံဖြိုခွဲတာပါ။

ဒီကနေ့ RFA က ရရှိတဲ့ ဖြိုခွဲတဲ့ ဗီဒီယို မှတ်တမ်းတွေထဲမှာ သေနတ်ပစ်ဖောက်သံတွေကို တရစပ် ကြားနေရပါတယ်။

အဓိကရုဏ်းနိမ်နင်းရာမှာ သုံးတဲ့ ရာဘာကျည်မဟုတ်ဘဲ ကျည်ဆံအစစ်တွေကို သုံးပြီး ဖြိုခွဲတာလို့ အဲ့ဒီနားမှာ ဆန္ဒပြနေသူတွေက ပြောပါတယ်။

RFA က ရရှိတဲ့ နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ လူငယ်တဦး မြေပြင်ပေါ်မှာ လဲကျသေဆုံးနေတာ တွေ့ရပါတယ်။

ဒီဗီဒီယိုဟာ ကြည့်ရှုဖို့ မသင့်တော်တာကြောင့် RFA က ထုတ်လွှင့်နိုင်ခြင်း မရှိပါဘူး။

RFA က ကနဦး သတင်းရရှိချက်အရ ဆန္ဒပြနေတဲ့ ပြည်သူနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားပါတယ်။

နံပါတ်တုတ်နဲ့ ရိုက်ခံရသူ၊ လေးခွနဲ့ ပစ်ခတ်ခံရသူတေါနဲ့ ကျည်ဆံထိမှန်သူတွေလည်းရှိပြီး လူ ၆ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

လတ်တလော RFA က စုံစမ်းသိရှိရသလောက် လူ ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ရောက်နေတဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့တွေရဲ့ လူနာတင်ကားတွေကိုလည်း ရဲတပ်ဖွဲ့က လေးခွနဲ့ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ညနေ ငါးနာရီခွဲထိ ဆန္ဒပြပြည်သူတွေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့တွေကြား အခြေအနေတွေ တင်းမာနေဆဲလို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်းကစပြီး မန္တလေးမြို့တွင်းမှာ တပ်နဲ့ ရဲအင်အား တိုးချထားပြီး စစ်တပ်ကားတွေ လှည့်လည်သွားလာနေတာ တွေ့ရပါတယ်။

https://www.rfa.org/burmese/news/mandalay-crash-down-two-people-died-military-coup-02202021074816.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.