Breaking

February 21, 2021

စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းမယ်လို့ အပစ်ရပ် ၁၀ ဖွဲ့ ဆုံးဖြတ်


 2021-02-20

စစ်တပ်က အာဏာသိမ်းတာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ချိုးဖောက်တာဖြစ်ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) က ဒီနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

လူထုဘက်က ရပ်တည်တဲ့အတွက် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာနိုင်မလားဆိုတဲ့ မေးမြန်းချက် အပေါ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အလုပ်အဖွဲ့ခေါင်းဆောင်၊ ဗိုလ်မှူးကြီ းစိုင်းငင်းက စိုးရိမ်မှုမရှိဘူးလို့ ပြောတယ်။

“စစ်ကောင်စီဘက်ကလည်း NCA ကို ဆက်လက်စွဲကိုင်ထားတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ ၁၀ ဖွဲ့ကလည်း ဆက်လက်ကိုင်စွဲထားတယ်။ NCA ထဲမှာပါတဲ့ အချက်တစ်ချက်ရှိတယ်။ အရပ်သားများကို ကာကွယ်ရမယ်ဆိုတဲ့ဟာ နောက်တစ်ခုကလည်းနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ ပါပြီးသား။ အင်အားသုံးပြီး မရှင်းရဘူးဆိုတာ ပါပြီးသား။ အခုစစ်ကောင်စီကနေပြီး အင်အားသုံးပြီး အာဏာသိမ်းတာဟာ ချိုးဖောက်တယ်လို့ ပြောရမှာပဲ။ အခုနှစ်ဖက်စလုံးက NCA ကိုလက်ကိုင်ထားတဲ့အတွက် လူထုကို ကာကွယ်ပေးတယ်ဆိုတာဟာ NCA နဲ့အညီဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က သိပ်ပြီးတော့ စိုးရိမ်မှုမရှိဘူးပေါ့နော်”

စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းမှာ ဖြစ်သလို အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ လက်ရှိနိုင်ငံရေး ပြဿနာတွေကို နည်းလမ်းရှာ ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် ပြည်တွင်း၊ ပြည်ပ အင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌ ရဲဘော်သံခဲက

“ ဒီနေ့ဖြစ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲနဲ့ တစ်ဖက်သတ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ မီးပွားပဲ။ လူထုရဲ့ ဆန္ဒကို တမင်မျက်ကွယ်ပြုပြီးမှ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တာဟာ ဒီနေ့ စစ်ကောင်စီရဲ့ လူထုအပေါ်မှာ စော်ကားချက်လို့ ပြောရင် ရနိုင်ပါတယ်” လို့ အာဏာသိမ်းမှုအပေါ် မှတ်ချက်ပြုပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့လည်း PPST က ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေအနေနဲ့ အခက်အခဲတွေရှိလာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေး၊ စားဝတ်နေရေးနဲ့ ကျန်းမာရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ PPST က ပြောထားပါတယ်။

PPST မှာ အပစ်ရပ်လက်မှတ် ရေးထိုးထားပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO စတဲ့ အဖွဲ့ ၁၀ ဖွဲ့ပါဝင်ပါတယ်။

https://www.rfa.org/burmese/news/ppst-decided-not-to-discuss-military-government-02202021050630.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.