Breaking

February 16, 2021

ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး

 2021-02-15


ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး  
စစ်အာဏာရှင်ဆန့်ကျင်ရေး အစိုးရဝန်ထမ်းများ ဆန္ဒပြနေကြစဉ်။
Photo: RFA

အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းထားတဲ့ အရပ်သား ၈ ဦးပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဖော်ထုတ်အရေးယူရေး၊ မီဒီယာတွေ သတင်းရေးသား ထုတ်ပြန်မှုတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီကတစ်ဆင့် ကြပ်မတ်ရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို အရေးယူရေး… စတာတွေကို ဆွေးနွေးခဲ့တယ်ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးမှာ ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကြောင့် ပြည်သူလူထု နစ်နာနေရပြီး တာဝန်ပျက်ကွက်နေသူတွေကို အရေးယူသွားမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့အညီ ရိုးသားစွာ ဆောင်ရွက်နေပြီး ကောင်စီဝင်တွေအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

CDM မှာ ပါဝင်ကြတဲ့ ဆရာဝန်တွေကတော့ အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေးအတွက် လုပ်ငန်းခွင် မဝင်ကြတာဖြစ်ပြီး နာမကျန်းဖြစ်တဲ့ ပြည်သူတွေအတွက် ပြင်ပဆေးခန်းတွေမှာ အခမဲ့ကုသပေးနေတယ်လို့ ကြေညာထားပါတယ်။

နိုင်ငံ့စီးပွားရေးအတွက် အဓိကကျတဲ့ ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ ဘဏ်ဝန်ထမ်း အတော်များများ CDM လူထုလှုပ်ရှားမှုမှာ ပါဝင်နေတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။

ဒီအစည်းအဝေးအတွင်း ကောင်စီဝင်တွေက တင်ပြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်သူတွေကို အရေးယူဖို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စင်ပြိုင်အစိုးရအဖွဲ့ကို အရေးယူဖို့၊ NLD အစိုးရလက်ထက်က ပြည်ပအကြံပေး ခန့်အပ်မှုတွေကို အရေးယူဖို့ တင်ပြကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဘဲ NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းပြီး စင်ပြိုင်အစိုးရအနေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဟာ အွန်လိုင်းကနေ အစည်းအဝေးခေါ်ယူပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်ချက် မှန်သမျှကို မလိုက်နာဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

 https://www.rfa.org/burmese/news/military-coup-leader-meeting-02152021103005.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.