Breaking

February 24, 2021

စစ်အာဏာသိမ်း ကန့်ကွက်မှုတွေ ရခိုင်မြို့နယ် အများစုမှာ မရှိတာ ဘာကြောင့်လဲ


2021-02-24

စစ်အာဏာသိမ်း ကန့်ကွက်မှုတွေ ရခိုင်မြို့နယ်အများစုမှာ မရှိတာ ဘာကြောင့်လဲ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CDM လို့ခေါ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဒီနေ့အထိ ဆန္ဒပြလှုပ်ရှားမှုတွေ လုံးဝ မရှိပါဘူး။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ မြောက်ဦးမြို့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံ လူငယ်တစ်ဦးက အရပ်သားအစိုးရ အုပ်ချုပ်မှုကိုသာ လိုလားပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကပင် ဒေသတွင်းမှာ စစ်အာဏာရှင် စနစ် စိုးမိုးထားပြီးဖြစ်တာကြောင့် အခုအချိန်မှာ လမ်းပေါ်ထွက်ဆန္ဒပြဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ စစ်အာဏာ စိုးမိုးပြီးသားပေါ့နော်။ လမ်းပေါ်ထွက်ဆန္ဒပြမယ်ဆိုလို့ရှိရင် အသေအပျောက်က တော်တော်များမှာ။ ရှေ့မှာလည်း ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒေါက်တာအေးမောင်ကိစ္စနဲ့ ဆန္ဒပြတုန်းက အသက်ပေးခဲ့ကြရတဲ့ သူရဲကောင်းတွေလည်းရှိခဲ့တယ်။ အဲဒါတွေကို မြင်တွေ့ခဲ့ရလို့ ကျွန်တော်တို့က သံဝေဂရတာပေါ့။ ကျွန်တော်တို့က ပြည်သူလူထုအစိုးရမျိုးကို ပိုပြီးတော့ နှစ်သက်တယ်။ ဒါပေမဲ့လို့ အခြေအနေတစ်ခုအရ ကျွန်တော်တို့က ကိုယ့်ဒေသအခြေအနေနဲ့ကိုယ် အဆင်ပြေအောင် နေနေရတဲ့သဘောပါ”

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ပိတ်ပင်ခဲ့ပါတယ်။

ဒါကိုမကျေနပ်လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင် ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ရာမှာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့လို့ လူ ခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ရှစ်ဦးကိုလည်း ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အစိုးရက ဖမ်းဆီးပြီး ထောင် ရှစ်လစီချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ အစိုးရအနေနဲ့ အကြမ်းဖက်ဖြိုခွင်းတာမဟုတ်ဘဲ ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့တာဖြစ်တယ်လို့ အဲဒီကာလက ဒေသခံတွေကို စစ်တွေမြို့မှာ ခေါ်ယူပြောဆိုခဲ့ပါတယ်။

ဒီလိုသာဓကအပြင် ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကပင် စစ်တပ်ရဲ့စိုးမိုးမှုအောက်မှာ နေထိုင် လာခဲ့ရတာကြောင့် ဆန္ဒပြပွဲတွေမလုပ်ဖြစ်တာလို့ ဒေသခံတွေကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အချိန် ၂ နှစ်ကျော်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်း နှစ်သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို မိုင်း၊ လက်နက်ကြီး၊ သေနတ်ကျည် စတာတွေကြောင့် အရပ်သား ၃၀၀ ကျော်သေဆုံးပြီး ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တွေမြို့မှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ပြုလုပ်လေ့ရှိတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက လူတွေလမ်းပေါ်ထွက်ဆန္ဒမပြကြတာဟာ အရပ်သားအစိုးရလက်ထက်မှာ ကြုံခဲ့ရတာတွေက စစ်အာဏာရှင် စနစ်ထက် ဆိုးရွားတဲ့အခြေအနေတွေကြောင့် ဖြစ်တယ်လို့ပြောပါတယ်။

“ကျွန်မတို့မှာ လမ်းပေါ်ကိုတက်ဖို့လောက်အထိကို ပြည်သူတွေကို စိတ်မဝင်စားလိုက်ကြတာ ဘာကြောင့် လဲ။ ကျွန်မဟာဆိုရင် ကမ်းပိန်းတွေတော်တော်များကို ဦးဆောင်ပြီးတော့ လုပ်ဖူးတယ်ပေါ့နော်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ကျွန်မကိုယ်၌ကလည်း မဝံ့မရဲဘူး ဖြစ်သွားရတယ်။ အဓိကအကြောင်းကတော့ ကျွန်မတို့ရဲ့ ပြည်သူတွေကို ဆွဲဆောင်လို့မရနိုင်ဘူး။ ကျွန်မတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင် ဆန်တာတွေကို ဘယ်သူ့ကိုမှ မကြိုက်ဘူးပေါ့နော်။ ကျွန်မတို့ ရခိုင်ပြည်သူတွေဆိုလို့ရှိရင်လည်းပဲ အရပ် သားအစိုးရ ငါးနှစ်လုံးလုံး လျစ်လျူရှုခံထားခဲ့ရတယ်။ ပြည်သူတွေကြားထဲမှာလည်း ဒီခံစားချက်တွေ များနေကြတယ်”

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ဖြစ်စဉ်တိုင်းမှာ ရခိုင်ဒေသခံ တွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အရပ်သားအုပ်ချုပ်ရေးအခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအခြေအနေဟာ ရခိုင်ပြည်သူ လူထုအတွက် ဘာမှကွဲပြားမှုမရှိဘူးဆိုတဲ့ အမြင်တွေဟာ ဒေသခံတွေအကြားမှာ လွှမ်းမိုးနေတာကို တွေ့ရ တယ်လို့ ရခိုင်ပြည်နယ်က ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ကိုစိုးနိုင်ထွန်းက ပြောပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ရခိုင်တွေက တောက်လျှောက်ဦးဆောင်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဥပမာ - ၂၀၀၇ ရွှေဝါရောင်မှာဆိုရင်လည်း ရန်ကုန်မှာဖြစ်တာနဲ့ သိပ်မကြာဘူး စစ်တွေမှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော် တို့က ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ် လေးနှစ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ရခိုင်မြောက်ပိုင်းမှာ ကြီးကြီးကျယ်ကျယ်ခံခဲ့ရတယ်။ စစ်အုပ်ချုပ်ရေးဆိုရင်လည်း ငါတို့အတွက် ဘာမှထူးလာမှာမဟုတ်ဘူး၊ NLD အုပ်ချုပ်ခဲ့တဲ့ ငါးနှစ်တာကာလမှာလည်း တိုက်ပွဲတွေဖြစ်တယ်၊ ပဋိပက္ခတွေဖြစ်တယ်၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေဖြစ်တယ်။ ဒါပေမဲ့ ဘာမှကာကွယ်ပေးတာမရှိဘူး။ ငါတို့ကို ဖိနှိပ်တာပဲရှိတယ် ဆိုတဲ့အမြင်ပေါ့။ ဒါကြောင့် ငါတို့အတွက် ဘာမှမထူးပါဘူးဆိုတဲ့ အမြင်မျိုးက တော်တော်ကြီးကို လွှမ်းမိုးနေတာ တွေ့ရတယ်ပေါ့နော်”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ ရခိုင် ဒေသခံတွေရဲ့ ဆန္ဒတွေ လျစ်လျူရှုခံခဲ့ရတဲ့အတွက် “ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးမယ်” ဆိုတဲ့ ကြွေးကြော် ချက်နဲ့အတူ စစ်တပ်နဲ့အစိုးရကို လက်နက်ကိုင်တော်လှန်လာတဲ့ ရက္ခိုင့်တပ်တော် AA အပေါ် ဒေသခံတွေရဲ့ ထောက်ခံအားပေးမှုတွေ ပိုများလာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ရက္ခိုင့်တပ်တော် AA ကို အမြစ်ပြတ်ချေမှုန်းဖို့ ညွှန်ကြားတာ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ စားနပ် ရိက္ခာတွေကို ကန့်သတ်တာ၊ နေ့စဉ်နဲ့အမျှကြုံခဲ့ရတဲ့ အရပ်သားတွေ သေကြေထိခိုက်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှုခဲ့တာ၊ နှစ်နဲ့ချီအင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချခဲ့တာ၊ AA အဖွဲ့ကိုချေမှုန်းနေတဲ့ စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးကျူးဂုဏ်ပြုတာ အစရှိတဲ့ဖြစ်ရပ်တွေကြောင့် အစိုးရ အပေါ်မှာ ရခိုင်ဒေသခံတွေရဲ့ နာကြည်းမှုတွေက တိုးပွားလာခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်မခံကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် NLD ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စအပေါ် ဒေသခံ တွေအကြားမှာ ထောက်ခံပြောဆိုနေကြတာကို တွေ့ရပါတယ်။

ကျောက်ဖြူမြို့ခံတစ်ဦးဖြစ်တဲ့ ဦးထွန်းလွင်ကတော့ အခုဆန္ဒပြပွဲတွေဟာ NLD အစိုးရ အာဏာသိမ်းခံရတာကို အခြေပြုပြီးဖြစ်ပေါ်လာတာဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက်ပါ အားလုံး တောင်းဆိုကြရမှာဖြစ်တယ်လို့ ပြောပါတယ်။

“အခုအခင်းအကျင်းမှာကဗျ စစ်တပ်က ၂၀၂၀ မှာ နိုင်တဲ့ပါတီကိုသိမ်းလိုက်တယ်။ အကြောင်းပြချက် ကတော့ သူ့ဟာနဲ့သူရှိလိမ့်မယ်။ ဒီအပေါ်မှာဖြစ်လာတဲ့ လမ်းပေါ်ထွက်တဲ့ပွဲဗျ ဒီပွဲက။ ဆိုတော့ NLD နဲ့ ဆက်နွယ်ပြီး NLD ကိုဗဟိုပြုပြီးမှ ဖြစ်လာရတဲ့ပွဲဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့ရမှာ မဟုတ်ဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က NLD ကိုဗဟိုပြုပြီး လမ်းပေါ်ထွက်ရတာ ဖြစ်ပေမယ့်လည်း NLD ကိုထောက်ခံတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ စစ်အာဏာရှင်ရယ်၊ ကျွန်တော်တို့ ၂၀၀၈ ပြောင်းလဲရမယ့်ကိစ္စ အကုန်လုံးအတွက် လမ်းပေါ်ထွက်သင့်တယ်လို့မြင်တယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ကတော့ စစ်ကောင်စီမှာ ပါဝင်ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်က အကောင်အထည်မဖော်ခဲ့တဲ့ ULA/AA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကနေ ပယ်ဖျက်ပေးရေးအပါအဝင် ရခိုင်ပြည်နယ်လွှတ်တော်က အဆိုတွေ ဆက်လက်အကောင်အထည် ဖော်ပေးရေး၊ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊ အကြမ်းဖက်ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုခံရပြီးသူတွေ လွတ်မြောက်ရေး၊ စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်ရေးနဲ့ အခြားအကျပ်အတည်းတွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဖို့ တပ်မတော်အစိုးရနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ANP ပါတီက ထုတ်ပြန် ထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကို ရခိုင်ဒေသခံတွေကြားမှာ စစ်တပ်နဲ့ပူးပေါင်းလို့ဆိုပြီး လက်မခံကြသူတွေရှိသလို အပြုသဘောနဲ့ လက်ခံကြသူတွေလည်းရှိပါတယ်။

လူမှုရေးဆောင်ရွက်သူ စစ်တွေမြို့ခံ ဦးစိုးနိုင်ကတော့ အရပ်သားအစိုးရလက်ထက်က မျက်ကွယ်ပြုခံခဲ့ရတဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် လက်ခံမှာဖြစ်တယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာက နှစ်ခုပေါင်းထားတဲ့ အာဏာရှင်တွေထဲမှာ အရပ်သားအာဏာရှင်ကတော့ ပြုတ်ကျ သွားတယ်လို့ပဲမြင်တယ်။ ကျွန်တော်တို့က အာဏာရှင်အောက်မှာနေနေရဆဲပါပဲ။ နဂိုကလည်းနေခဲ့ရ တယ်။ အခုလည်းနေနေရတယ်။ ဒါကို ထူးခြားတဲ့ပြောင်းလဲမှုအဖြစ် ကျွန်တော်တို့ကတော့ မမြင်ဘူး။ ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်ခံခဲ့ရတယ်။ မျက်ကွယ်ပြုခံခဲ့ရတယ်။ အဲဒါကြောင့် အခုအချိန်မှာ ရခိုင်ပြည်နယ် တစ်ခုတည်းအတွက်ဆိုရင်တော့ ANP ရဲ့ ပူးပေါင်းပါဝင်မှုကိုတော့ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ ယေဘုယျဆန်ဆန် ပူးပေါင်းပါဝင်မှုနောက်မှာ အာဏာရှင်ဖွံ့ဖြိုးရေးအတွက်ကိုသာ လုပ်မယ်ဆိုရင်တော့ ANP ဟာလည်း သမိုင်းတရားခံဖြစ်မှာပါပဲ”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ အမ်း စတဲ့မြို့နယ်တွေမှာ ကန့်ကွက်ဆန္ဒပြမှုတွေတွေ့ခဲ့ရသလို မြို့နယ်အချို့မှာ တပ်မတော် ထောက်ခံဆန္ဒပြပွဲတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာတော့ တပ်မတော် အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး။

https://www.rfa.org/burmese/program_2/why-most-rakhine-not-against-military-coup-02242021033722.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.