Breaking

February 17, 2021

ရုံးမတက်တဲ့ CDM ဝန်ထမ်းတွေကို ကူညီဖို့ ပြည်တွင်းပြည်ပလှုပ်ရှား

 ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)

2021-02-16

CDM ခေါ်အာဏာဖီဆန်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ အစိုးရဝန်ထမ်းတွေကို လိုအပ်သလို ကူညီဖို့အတွက် ပြည်တွင်းနဲ့ နိုင်ငံခြားရောက်မြန်မာတွေက အဖွဲ့အစည်းအများအပြားဖွဲ့ဲပြီး ဆောင်ရွက်နေကြပါတယ်။ မြန်မာပြည်တွင်းက အဖွဲ့တခုကတော့ နာမည်ကျော်သီချင်းရေးဆရာ မင်းချစ်သူနဲ့ ဗေဒင်လက္ခဏာဆရာ စံဇာဏီဘို တို့ကမကထပြုဆောင်ရွက်နေတဲ့ Three Fingers Myanmar ဖြစ်ပါတယ်။ တေးရေးဆရာ မင်းချစ်သူက သူတို့အဖွဲ့အနေနဲ့ CDM ကြောင့် အစိုးရအိမ်ယာတွေက ဝန်ထမ်းတွေ ဖယ်ရှားပေးရမယ် ဆိုရင် စားဝတ်နေရေးကို ၆ လခန့်အထိ တာဝန်ယူဖို့ စီစဉ်နေပါတယ်လို့ RFA ကိုပြောပါတယ်။

“စစ်တပ်ကအာဏာသိမ်းတဲ့ကိစ္စ ဖြစ်လာပြီးတဲ့နောက် ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ ဝန်ထမ်းတွေရဲ့ စိုးရိမ်စိတ် နဲ့ အခက်အခဲတွေကို ကျနော်တို့ မြင်နေရတယ်။ CDM မှာ ပါဝင်ချင်ပေမဲ့ ပါဝင်လိုက်လို့ လခ မရမှာကို သိပ်စိတ်မပူကြဘူး။ အဓိက သူတို့ရဲ့စိုးရိမ်ပူပန်မှုက နေရာထိုင်ခင်း အခက်အခဲကို ပူပန်ကြတာ၊ ဒါ ကျနော် မိတ်ဆွေတယောက်နဲ့ ကျနော် ပြောမိတယ်။ ဒီလိုမျိုး CDM မှာ ပါဝင်လို့ သူတို့နဲ့တကွ သူတို့ရဲ့မိသားစုတွေပါ လိုင်းခန်းက ဆင်းပေးရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဒီပူပန်မှုကို ကျနော်တို့က ဝိုင်းပြီးဖြေရှင်းပေးကြမယ်ဆိုပြီး ကျနော်တို့ မိတ်ဆွေတွေ စုလိုက်တဲ့အခါမှာ ဒီ Group လေးဖြစ်သွားတယ်။ လောလောဆယ်မှာ သူတို့လိုင်းခန်းက ဆင်းလာရမယ်ဆိုရင် ဘယ်လိုလုပ်ပေးမှာလဲ ဆိုတဲ့ ဆက်သွယ်မှုတွေ ရရှိထားတယ်။ ဒါပေမယ့် တကယ်ဖယ်ပေးရမယ် ဆင်းလာရမယ်ဆိုတဲ့ အခြေအနေတော့ မရောက်ကြသေးဘူး။ အဲဒီတော့ ကျနော်တို့ဘက်က ပြင်ဆင်ထားတယ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မကွေး၊ ပုဂံ ညောင်ဦး၊ မြစ်ဝကျွန်းပေါ်မှာဆိုရင် ဟင်္သာတ၊ ပုသိမ် စသဖြင့် အဲဒီနေရာတွေမှာ ကျနော်တို့ မိတ်ဆွေတွေစုပြီး သူတို့အတွက် စားရေး နေရေး ကျန်းမာရေး ကို ဖြေရှင်းပေးထားမယ်။ ကိုယ်နိုင်ရာ ကိုယ်စိုက်ပြီး ဝိုင်းလုပ်ကြတယ်။ ပြည်သူလူထုဆီကတော့ လောလောဆယ် အလှူခံဖို့ ကျနော်တို့ အစီအစဉ် မရှိသေးပါဘူး။”

တောင်ကိုရီးယားနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဦးရန်နိုင်ထွန်းကလည်း CDM ပါဝင်တဲ့ အလုပ်သမားတွေအတွက် သူတို့စုဆောင်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲကျော်ရရှိပြီလို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ CDM အတွက် ထဲထဲဝင်ဝင် ရှေ့တန်းကနေ လှုပ်ရှားနေတဲ့ မြန်မာ့သူရဲကောင်း ဝန်ထမ်းတွေအတွက် ကျနော်တို့ အလှူငွေ ကောက်ခံတာတွေ လုပ်နေပါတယ်။ လက်ရှိမှာ အလှူငွေ ကန်ဒေါ်လာ ၁ သိန်း ခွဲ ကျော် ရရှိထားပြီဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ချိတ်ဆက်တော်တော်များများ ရရှိထားပြီဖြစ်ပါတယ်။ တိကျခိုင်မာသော အချက်အလက်တွေ ပေးပို့တဲ့ ဝန်ကြီးဌာန တခုလောက်ကို ကျနော်တို့ လက်ခံရရှိထားပါပြီ။ များမကြာမီမှာ အချိန်အတွင်းမှာ ကျနော်တို့ သူတို့ကို ထိထိရောက်ရောက် ကူညီနိုင်အောင် အစီအစဉ်တွေ လုပ်သွားမှာပါ။”

ဂျပန်နိုင်ငံ တိုကျိုမြို့က ကိုမျိုးကြီးတို့အဖွဲ့ကလည်း သူတို့အခုထိကောက်ခံမှုက မြန်မာငွေနဲ့ဆိုရင် သိန်း ၈ဝဝ နီးပါးရရှိပြီဖြစ်ပြီး နောက်ထပ် အများအပြားလှူဒါန်းဖို့ ကတိစကားတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အခု CDM တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းထဲက ပြည်သူ့ဝန်ထမ်းတွေအတွက် ကျနော်တို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ရိက္ခာထောက်ပို့ တပ်ဖွဲ့အနေနဲ့ ခံယူပြီးတော့ အလှူငွေတွေ ကောက်ခံတယ်။ တချို့ဆို အလှူငွေ ကောက်စရာတောင်မလိုဘူး ကျနော်တို့ကို ဆက်သွယ်ပြီး လှမ်းပို့ကြတယ် ဘဏ်တွေကနေ၊ နောက် ကြုံတိုင်းလဲ ပိုက်ဆံတွေထည့်ကြတယ်။ အခု ကောက်တာ ၄ ရက်ရှိသွားပြီ။ မြန်မာငွေနဲ့ ဆိုရင် သိန်း ၈ဝဝ ဝန်းကျင်လောက် ရရှိထားပါတယ်။ နောက်ထပ် ထပ်ဝင်လာမဲ့ နယ်မြို့အသီးသီးကလည်း သူတို့ကောက်ခံထားတဲ့ ငွေတွေ ပေးပို့မယ်လို့ ကျနော်တို့ ကတိရရှိထားပါတယ်။”

အာဏာသိမ်းစစ်ကောင်စီက CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို အရေးယူမယ်လို့ ပြောဆိုနေပေမယ့် CDM2021 ဆိုတဲ့အဖွဲ့တခုက ပြုစုထားတဲ့စာရင်းအရဆိုရင် ဝန်ကြီးဌာန ၂၂ ခုကဝန်ထမ်းတွေဟာ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အလုပ်မဆင်းပဲ မြန်မာနိုင်ငံတဝန်းက ၂၆၅ မြို့နယ်မှာ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

 https://www.rfa.org/burmese/news/cdm-supporters-around-the-world-02162021172712.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.