Breaking

March 16, 2021

ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ရှေ့နေ နှစ်ဦးသာ ပါဝါတင်ခွင့်ရ

2021-03-15

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ဖို့အတွက် ရှေ့နေ ၇ ဦး ပါဝါတင်နိုင်ဖို့ လျှောက်ထားခဲ့တဲ့ထဲက ရှေ့နေ ၂ ဦးကိုပဲ ပါဝါတင်ဖို့ မတ်လ ၁၅ ရက်နေ့ ဒီကနေ့ ရုံးချိန်းမှာ ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့တယ်လို့ အမှုလိုက်ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့ တစ်နိုင်ငံလုံးမှာ အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် အွန်လိုင်းကနေစစ်ဆေးမယ့် နေပြည်တော် ဇဗ္ဗူသီရီမြို့နယ်က ဒီကနေ့ရုံးချိန်းကို မတ်လ ၂၄ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

အမှုလိုက်ရှေ့နေအဖွဲ့ထဲက အငယ်တန်းရှေ့နေ နှစ်ဦးဖြစ်တဲ့ ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ယောက်ရဲ့ လျှောက်ထားချက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဆီက ခွင့်ပြုချက်လက်မှတ်ရယူပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီရှေ့နေ နှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ဆီက အမှုလိုက်ပါဆောင်ရွက်ခွင့်ပြုချက်ရရင် အမှုကိုစတင် လိုက်ပါဆောင်ရွက် ရှိမှာဖြစ်ပြီး ကျန်ရှေ့နေတွေကတော့ ပါဝါတင်ခွင့်ရဖို့ ဆက်လက်ကြိုးစားသွားမယ် လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုနဲ့ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ အမှုလေးမှုထက်မနည်း စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေဖောက်ဖျက်မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုစတဲ့ ပုဒ်မ နှစ်ခုနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ထိန်းသိမ်းခဲ့ပြီးနောက် အွန်လိုင်းစနစ်နဲ့ တရားရုံးထုတ် စစ်ဆေးနေတာဖြစ် တာကြောင့် သူတို့ကို ပြည်သူတွေ လုံးဝမမြင်မတွေ့ရတော့ပါဘူး။

ဒီကနေ့ နံနက်အစောပိုင်း ၁ နာရီကစပြီး စစ်ကောင်စီက အင်တာနက်တွေဖြတ်တောက်ထားတာဖြစ်ပြီးတော့ လက်ရှိ ညနေ ၅ နာရီအထိ အင်တာနက်ပြန်မရသေးဘူးလို့ ဒေသခံတွေကပြောကြပါတယ်။

https://www.rfa.org/burmese/news/aung-san-suu-kyi-trial-myanmar-military-coup-03152021054504.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.