Breaking

March 17, 2021

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်မပျက် ဆက်ပေါ်ပေါက်နေ

 နေရိန်ကျော်(ဝါရှင်တန် ဒီစီ)

2021-03-16

စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းတာတွေ နေ့တိုင်းရှိနေပြီး သေဆုံးသူတွေ အများအပြားရှိလာပေမယ့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဆန္ဒပြပွဲတွေကလည်း အရှိန်အဟုန် မပျက် ဆက်လက် ပေါ်ပေါက်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ဒေသခံပြည်သူ သုံးထောင်ကျော်လောက်ရဲ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ မင်းကုန်း ကျေးရွာက အသက်လေးဆယ်ကျော်အရွယ် အမျိုးသား သေဆုံးခဲ့ပြီး ဒဏ်ရာရသူ နှစ်ဦးရှိတယ်လို့ အမည်မဖော်လိုတဲ့ ကောလင်းမြို့ခံတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

နေ့လယ်ပိုင်းမှာ ဆန္ဒပြသူတွေက ရဲစခန်းကို လူအင်အားတချို့နဲ့ ဝိုင်းထားသလို သေနတ်သံတွေလည်း ကြားနေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာလည်း ပြည်သူတွေ ဒီနေ့ ဆက်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက မနက်ပိုင်းကစပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ရပ်ကွက်တွေထဲကိုလည်းဝင်ပြီး ပစ်ခတ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေ သိန်းချီပြီး ထွက်ပြေးဖို့ ကြိုးစား နေတယ်လို့ ပြောပါတယ်။ မနက် ၅ နာရီခွဲလောက်တည်းက စပြီး ထွက်ပြေးနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်နေပေမယ့် စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တခြားမြို့နယ် ဒီနေ့မှာလည်း ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာလည်း လူငယ် တချို့ ဦးဆောင်ပြီး သုဓမ္မာလမ်းမပေါ်မှာ ဒီနေ့ဆန္ဒပြခဲ့ပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံလမ်းမကြီးပေါ်မှာတော့ ဆန္ဒပြသူတွေရဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက ဒီနေ့ နေ့လယ်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ပြီးရှင်းလင်းခဲ့ပါတယ်။ ရပ်ကွက်ထဲက လမ်းတွေထဲအထိပါ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေနဲ့ ရပ်ထားတဲ့ မော်တော်ယာဉ်အချို့ ကျည်ဆန်ထိမှန် ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်က ရန်ကုန်-အင်းစိန်လမ်းမနဲ့ ပေါ်မှာလည်း သာကေတ မြို့နယ်မှာလည်း ဒီကနေ့ နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြနေကြပါတယ်။ မနေ့ညက သာကေတ ဒေါပုံမြို့နယ်မှာ ထိုင်သပိတ်ဆန္ဒပြနေတာကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဝင်ရောက်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသား တစ်ယောက် ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားကို ဝတ်လစ်စားလစ် ချွတ်ပြီး စစ်ကောင်စီသြဇာခံတပ်ဖွဲ့ဝင်တွေက တရွတ်တိုက်ဆွဲခေါ်နေတဲ့ ဗီဒီယိုရုပ်သံဖိုင်လည်း ပြည်သူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ၊ မြို့ခံယက္ကန်းလုပ်သား ပြည်သူအင်အား ထောင်ပေါင်း များစွာပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကြောင်းဟာ ဒီနေ့ မနက်က အမရပူရမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြလမ်းကြောင်းကို မနက်ပိုင်းမှာ ပိတ်ဆို့ခဲ့ တာကြောင့် ထိပ်တိုက်မတွေ့ဘဲ လမ်းကြောင်းပြောင်းပြီး လူစုခွဲခဲ့ကြပါတယ်။

ချမ်းမြသာစည်မြို့နယ်ထဲမှာလည်း မနေ့က ဆန္ဒပြသူတွေ အကြမ်းဖက်ခံရတာကြောင့် နှစ်ဦး သေဆုံးသွားတဲ့ နေရာမှာ အင်ဂျင်နီယာအဖွဲ့က လူမဲ့ဆန္ဒပြသပိတ်ကို ဒီနေ့လုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ မတ် ၁၅ ရက်နေ့ မနေ့က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက် အပါအဝင် စုစုပေါင်း နှစ်ယောက် သေဆုံးခဲ့ပါတယ်။ မိုးကုတ်မြို့ဘက်က သပိတ်ကျင်းဘက်ကိုလာတဲ့ ကားတစ်စီး ကို ပြည်သူတွေက တားပြီး စစ်ဆေးတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေ ပစ်ဖောက်လို့ ထွက်ပြေးကြရပါတယ်။ အဲဒီရဲတွေ ကိုလာခေါ်တဲ့ စစ်သား ၂၀၀ လောက်က တောင်ပေါ်ကနေ သေနတ်နဲ့ ပစ်တဲ့အခါ အိမ်ထဲနေတဲ့ ကလေးရဲ့ကျောကုန်းမှာ ကျည်ဆန်ထိမှန် သေဆုံး သွားတာလို့ ချောင်းကြီး ဒေသခံတစ်ယောက်က ပြောပါတယ်။ အဲဒီပစ်ခတ်မှုမှာ ကျည်ထိမှန်ပြီး စိုးရိမ်ရတဲ့ လူနာတွေရှိသလို လူ ၂၀ လောက်ဖမ်းဆီးခံ ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညက တစ်ညလုံး စစ်တပ်နဲ့ရဲတွေက အဲဒီရွာတွေကို ဝိုင်းထားပြီး ဒီမနက်မှာတော့ အားလုံးထွက်ခွာ သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ပုဂံနဲ့ ညောင်ဦးမြို့နယ်မှာတော့ ပြည်သူ့ဝန်ထမ်း ၂၇၀၀ နီးပါးရှိတဲ့အထဲက ၂၂၀၀ ဝန်းကျင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေပြီဖြစ်ပါတယ်။ CDM လုပ်တဲ့ အရေအတွက် ဟာ အဲဒီဒေသက ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် ရှိနေတာပါ။ ဒီလှုပ်ရှားမှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေလည်း ပါဝင်နေပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ဖို့ သူတို့တွေကို ခြိမ်းခြောက်ဖိအားပေးတာ တွေရှိပေမယ့် ကြံ့ကြံ့ခံရပ်တည်နေတယ်လို့ CDM လှုပ်ရှားမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။

ပုဂံ၊ ညောင်ဦးဒေသမှာ အစိုးရ ယန္တရားက ရပ်တန့်သလောက် ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။

ပုဂံ၊ ညောင်ဦးမှာ ဆန္ဒပြပွဲတွေနေ့စဉ်ရှိနေသလို တစ်ချိန်တည်းမှာပဲ ပုဂံက ဘုရားစေတီပုထိုးတွေမှာ စစ်အာဏာရှင် ကျဆုံးရေး ကျိန်စာတိုက်ဆုတောင်းပွဲတွေလည်း ဒေသခံတွေက ယုံယုံကြည်ကြည်နဲ့ ကျင်းပနေပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဒီနေ့ဆက်ပြီးဆန္ဒပြကြတဲ့အခါ မုံရွာတက္ကသိုလ် အနောက်ဘက် ရေကူးကန်လမ်းမှာ စစ်တပ်နဲ့ရဲက လိုက်လံဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့မှာလဲ ဒေသခံအင်အား သောင်းနဲ့ချီပြီး မြို့တွင်းလှည့်လည် ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှာတော့ ဒီနေ့မနက်အစောပိုင်းမှာ လူထုသပိတ် ဆက်ပြီး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့ကြား စစ်တပ်နဲ့ ရဲတွေရှိတဲ့ ပန်းကန်ဂိတ်နား ကိုလည်း သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ မတ်လ ၁၆ ရက်နေ့အထိ သေဆုံးတဲ့သူ ၁၈ဝ ကျော်ရှိသွားပါပြီ။

 https://www.rfa.org/burmese/news/nationwide-protest-03162021080408.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.