Breaking

March 11, 2021

တောင်ကိုရီးယားအမတ်တွေ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံ

 2021-03-10

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေဟာ တောင်ကိုရီးယားအမတ်တချို့နဲ့ အတူ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့ကို မနေ့က သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ သံအမတ်ကြီးက အဲဒီအမတ်တွေကို လက်ခံတွေ့ဆုံခဲ့ပေမယ့် သူတို့ မြန်မာတွေကိုတော့ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဦးရန်နိုင်ထွန်း ကပြောပါတယ်။

မြန်မာသံအမတ်ကြီးက သူနဲ့တွေ့ဆုံတဲ့ တောင်ကိုရီးယားအမတ်တွေကို သူတို့အခုလာရောက်တင်ပြတဲ့ အချက်တွေဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကိစ္စဖြစ်တဲ့အတွက် ပြည်တွင်းမှာသာ နိုင်နိုင်နင်းနင်း ဖြေရှင်းသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မြန်မာ့အရေး လှုပ်ရှားသူတွေဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် နေထိုင်ရာအိမ်တော်ကို ဆက်လက်သွားရောက်ပြီး မြန်မာပြည်သူတွေရက်စက်စွာသတ်ဖြတ်ခံနေရတာကို လျစ်လျူမရှုဖို့၊ မြန်မာနိုင်ငံကို R2P ခေါ် ကာကွယ်ရန် တာဝန်ရှိသည်နဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေ စေလွှတ်ရေးကိစ္စကို ထောက်ခံဖို့၊ ဆိုးလ်မြို့က လက်ရှိ မြန်မာသံဝန်ထမ်းတွေကို ပြည်နှင်ဒဏ်ပေးပြီး CRPH အဖွဲ့ကိုသာ တရားဝင်ဆက်ဆန်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ စာတစောင်ကို ပေးပို့ခဲ့ပါတယ်။ အဲဒီစာကို သမ္မတမွန်ဂျေးအင်းရဲ့ အတွင်းရေးမှူးက ထွက်ရောက် လက်ခံ ရယူသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း တောင်ကိုရီးယားရောက် မြန်မာတွေက ပြည်တွင်းရှိ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို ပံ့ပိုးငွေတွေ ပေးပို့ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားကနေ မနေ့ညက ထုတ်လွှင့်သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း သီရီလင်္ကာနိုင်ငံမှာ ကျင်းပမယ့် BIMSTEC ဘင်းစတက်ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံကို တက်ရောက်ဖို့ အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ကို ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သီရီလင်္ကာသံရုံးကို သွားရောက်ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။ ဒါ့အပြင် လာမယ့်သီတင်းအပတ်ကုန်မှာ အစာငတ်ခံ ဆန္ဒပြပွဲတခု ကိုလည်း ပြုလုပ်မယ်လို့ လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမျိုးကြီးက RFA ကိုပြောပါတယ်။

အဲဒီ အစာငတ်ခံ ဆန္ဒပြပွဲမှာ ပါဝင်မယ့် လူဦးရေကိုတော့ လတ်တလော မသိနိုင်သေးဘူးလို့ ကိုမျိုးကြီး က ပြောပါတယ်

https://www.rfa.org/burmese/news/south-korea-parliament-and-myanmar-military-coup-03102021205554.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.