Breaking

May 1, 2021

အာဆီယံဆုံးဖြတ်ချက်နောက်ကို မလိုက်ဖို့ လုံခြုံရေးကောင်စီကို သတိပေး

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-04-30

မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကျင်းပပြီး တစ်ပတ်အကြာမှာ အခုလို ကျင်းပတာနဲ့ နိုင်ငံတကာအနေနဲ့ အာဆီယံအစည်းအဝေးကနေ ပေါ်ထွက်လာတဲ့ ရလဒ်နောက်ကို မလိုက်ဖို့ လိုတဲ့အကြောင်း Global Justice Center အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကြောင့် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း Global Justice Center က မြန်မာပြည်သူတွေရဲ့ လိုလားတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံအစည်းအဝေးမှာ ထိရောက်မှု မရှိဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတဲ့ ဘုံသဘောတူညီချက်တွေ ပေါ်ထွက်လာတာကြောင့် ကုလ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအရေးကို အလေးထား ဆောင်ရွက်မှု လျော့ကျသွားမှာကို စိုးရိမ်တယ်လို့ Global Justice Center က ပြောပါတယ်။

"အခုဆိုရင် မြန်မာစစ်တပ်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေကို ပေးထားတဲ့ အားနည်းချက်တွေ အများကြီး ပါတဲ့ သဘောတူညီချက်ကိုတောင်မှ မလိုက်နာနိုင်ကြောင်း ပြောလိုက်ပြီးပါပြီ။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြီးခဲ့တဲ့အပတ် အာဆီယံ အစည်းအဝေးက ပေါ်ထွက်လာတဲ့ ရလဒ်တွေကို မြန်မာနိုင်ငံအတွက် တရားဝင်ဖြစ်တဲ့ လမ်းကြောင်းအဖြစ် မရှုမြင်သင့်ပါဘူး။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ မြန်မာပြည်သူတွေ တစ်စိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ အရေးကိစ္စတွေကို စူးစိုက် ဆောင်ရွက်ဖို့ လိုပါတယ်"

အမျိုးသမီးတွေနဲ့ လူနည်းစုတွေ ပါဝင်တဲ အရပ်ဘက်အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ကို လွှဲပြောင်းပေးဖို့၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့ မှုတွေ ချမှတ်ဖို့နဲ့ ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ စတာတွေ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ဒီ တောင်းဆိုချက်တွေ တစ်ခုမှ လက်တွေ့ လုပ်ဆောင်တာ မရှိသေးတာ တွေ့နေရပါတယ်။ အထူးသဖြင့် အာဆီယံလို အဖွဲ့အစည်းတွေက မြန်မာ့အရေး လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် လုံခြုံရေး ကောင်စီအနေနဲ့ ဘာမှ ထပ်လုပ်စရာမလိုတော့ဘူးလို့ မယူဆစေချင်ပါဘူးလို့ Global justice center အဖွဲ့ရဲ့ ဥက္ကဋ္ဌ အကီလာ ရာဒါ ခရစ်ရှနန်က အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလားတူ တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ယိုယွင်းပျက်ပြားလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ် လုံခြုံရေးကောင်စီက အလွန်တရာ စိုးရိမ်နေကြောင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးနဲ့ကလေးတွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးရတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ဖို့ လည်း လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် စီးပွားရေး နဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး၊ မကြာခင် အချိန်အတွင်းမှာ ပြည်သူ သန်းပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာရမယ့် အခြေအနေရှိနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ UNDP က မနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ အရင်ကတည်းက ရှိနှင့်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် လာမယ့် ၂၀၂၂ ခုနှစ်လောက်မှာ လူဦးရေ ၂၅ သန်း ဒါမှမဟုတ် မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ တစ်ဝက်လောက် ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ကို ရောက်လာမယ်လို့ ဆိုပါတယ်။

" UNDP ရဲ့စာရင်းတွေအရ ၂၀၂၀ ပြည့်နှစ် အကုန်လောက်က မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် နိုင်ငံလူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်ရပြီး၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နောက်ထပ် ၁၂ ရာခိုင်နှုန်း ထပ်တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

"အခုအချိန်မှာ ပြည်သူတော်တော်များများဟာ တော်တော်ပဲ ဆင်းရဲကျပ်တည်းနေကြပါတယ်။ စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းနေတဲ့အတွက် ရွှေပြောင်းလုပ်သားတွေ ရန်ကုန်မြို့ကနေ ထွက်ခွာနေကြပါတယ်။ ဆိပ်ကမ်းတွေလဲ ကုန်ပစ္စည်း တင်ချမှု အလွန်မှ နည်းပါးနေပါတယ်။ ဘဏ်လုပ်ငန်းတွေလဲ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ အခုအချိန်မှာ နိုင်ငံရေး အကျပ်အတည်းကြောင့် မြို့ပြဒေသတွေမှာတောင် စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပါတယ်။လာမယ့် ၆လတာ ကာလအတွင်းမှာ လူဦးရေ ၃.၄ သန်းလောက်အထိဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကြုံရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ဟာ အထိခိုက်မခံနိုင်တဲ့ အခြေအနေထဲကို ရောက်ရှိနေပြီး အဆင်းရဲဆုံး ပြည်သူတွေကို ထမင်းနပ်မှန်အောင်ဘယ်လို အကူအညီပေးမလဲဆိုတာကို စဉ်းစားနေရပါတယ်"

ဒါကတော့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးက ပြောသွားတာပါ။

ပြီးခဲ့တဲ့ အပတ်တွေအတွင်းက အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ လျော့ကျသွားခဲ့ပေမယ့် ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံအနှံ့မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေ ကြိုကြားကြိုကြား ဆက်ဖြစ်နေဆဲ ဖြစ်ပြီး၊ ဆန္ဒပြလှုပ်ရှားသူတွေကတော့ အာဏာသိမ်း အစိုးရကို အရှုံးမပေးဘဲ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

 https://www.rfa.org/burmese/news/asean-myanmar-military-coup-04302021190508.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.