Breaking

May 27, 2021

မြန်မာ့အရေး အမေရိကန်ကူညီမှု ဆွေးနွေးပွဲ NUG ခေါင်းဆောင်တွေ တက်ရောက်

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-05-26

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အတိုက်အခံအင်အားစုတွေကို ဘယ်လို အကောင်းဆုံး ထောက်ပံ့ကူညီနိုင်မလဲဆိုတာကို ဂျိုးဘိုင်ဒင် အစိုးရနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးနေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က မနေ့က ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် Heritage Foundation က မနေ့က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ NUG အစိုးရ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့ ဦးထင်လင်းအောင်တို့ တက်ရောက်ပြီး၊ အမေရိကန်နိုင်ငံအနေနဲ့ စစ်အစိုးရကို ဘယ်လိုနည်းလမ်းတွေနဲ့ အရေးယူနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

မေလ ၂၆ ရက်က ဝါရှင်တန်ဒီစီ အခြေစိုက် Heritage Foundation က ပြုလုပ်တဲ့ မြန်မာ့အရေး နိုင်ငံရေး ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံလွှတ်တော်မှာ အရှိန်အဝါအကြီးဆုံး အမတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက်ကောနယ်က တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့အာရုံစိုက်မှုအောက်ကို ပြန်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံက အကြပ်အတည်းဟာ မြန်မာပြည်သူတွေတင် မကပဲ အမေရိကန်နိုင်ငံမှာပါ စိတ်ဝမ်းကွဲနေသူတွေကို စုစည်းညီညွတ်မှု ရသွားစေတယ်လို့ မစ္စတာ မစ်ချ် မက်ကောနယ်က ပြောပါတယ်။

“စစ်တပ်က ကျူးလွန်တဲ့ မတရားမှုတွေကြောင့် မြန်မာနိုင်ငံက လူကြီးနဲ့ လူငယ်မျိုးဆက်တွေ အားလုံး လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြနေကြသလိုပဲ၊ မြန်မာတိုင်းရင်းသား လူနည်းစုတွေနဲ့ လူများစု ဗမာတွေကြားမှာလည်း တစိတ်တဝမ်းတည်း ဖြစ်သွားကြပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာဆိုရင်လဲ မြန်မာနိုင်ငံအရေးဟာ သဘောထားကွဲပြားနေတဲ့ နိုင်ငံရေးပါတီနှစ်ခုကို ညီညွတ်မှု ရသွားစေတဲ့အတွက် တစုတစည်းတည်းသော တုံ့ပြန်မှုတစ်ခု ဖြစ်လာပါတယ်။ အခု ကျွန်တော်ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အနီးကပ် ထိတွေ့ဆက်ဆံပြီး အတိုက်အခံ အင်အားစုတွေကို အကောင်းဆုံး ဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ဆိုတာကို ဆွေးနွေးနေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်ဖို့ ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေနဲ့ ပြည်ပပို့ကုန် တင်ပို့ခွင့် လိုင်စင်တားမြစ်ချက်တွေကို ဆက်ထားမှာ ဖြစ်ပါတယ်။ အခုလို ဂျိုးဘိုင်ဒင်အစိုးရရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အားတက်မိပါတယ်"

ရီပတ်ဗလစ်ကန်ပါတီ အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ မစ်ချ် မက်ကောနယ်ဟာ ဒီမိုကရက်ပါတီကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အစဉ်တစ်စိုက် ဝေဖန်ပြောကြားခဲ့သူ ဖြစ်ပြီး၊ မနေ့က မြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ ဂျိုးဘိုင်ဒင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်း ပြောလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အစဉ်အလာအရ အမေရိကန် နိုင်ငံခြားရေး ကျွမ်းကျင်သူ တော်တော်များများဟာ မြန်မာနိုင်ငံ အရေးကို သိပ်ပြီး အာရုံစိုက်လေ့ မရှိပေမယ့်၊ သူကိုယ်တိုင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုတွေကို ဆယ်စုနှစ်နဲ့ ချီပြီး အာရုံစိုက် လေ့လာခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သူမနဲ့ ပုံမှန် စာရေးဆက်သွယ်ခဲ့ရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် ကူညီဖို့ အစဉ်တစိုက် ပြောကြားခဲ့ကြောင်း မစ္စတာ မစ်ချ်မက်ကောနယ်က ပြောပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်အစိုးရကို ကမ္ဘာ တစ်ဝှမ်းက အာဏာရှင် နိုင်ငံတွေနဲ့ တန်းတူထားပြီး၊ အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုတွေ ချမှတ်ထားပေမယ့်၊ မြန်မာ ပြည်သူတွေကတော့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

"လက်ရှိအချိန်မှာ နိုင်ငံတကာက အာဏာသိမ်း စစ်အစိုးရကို တစ်ညီတစ်ညွတ်တည်း ပြစ်တင်ရှုတ်ချကြဖို့ နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတာ ခံရဖို့ စောင့်ဆိုင်းနေရပါတယ်။ တချိန်တည်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောတူညီချက်ရပြီး၊ စစ်အစိုးရအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ လုပ်နိုင်ဖို့လည်း စောင့်ဆိုင်းနေရပါတယ်။ တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်မှာ တစ်စထက်တစ်စ တိုးပွားလာတဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အကူအညီတွေရဖို့လည်း စောင့်ဆိုင်းနေရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မော်စကိုနဲ့ ဘေဂျင်းအစိုးရတွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဆန့်ကျင်နေရုံမကပဲ သူတို့တွေရဲ့ ပင်ကို စရိုက်လို့ ပြောရမယ့် အနေအထားရောက်နေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဘုံသဘောတူညီချက်တရပ် ရအောင် မလုပ်နိုင်ရင် အမေရိကန်နဲ့ ဒီမိုကရေစီ နိုင်ငံတွေ အားလုံး ပူးပေါင်းပြီး၊ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပြန်ရအောင် ကြိုးပမ်းမှုတွေကို တရုတ်နဲ့ ရုရှားက မဖြစ်မနေ ပါဝင်လာအောင် တွန်းအားပေးသင့်ပါတယ်"

ဒါ့အပြင် NUG အစိုးရအနေနဲ့လည်း ကြီးလေးတဲ့ တာဝန်တွေ ဆက်လက် လုပ်ဆောင်ရမယ့် အခြေအနေ ရှိနေတာကိုလည်း မစ္စတာ မကော်နယ်က ပြောသွားပါတယ်။

"အခုအချိန်မှာ NUG အစိုးရအနေနဲ့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရဖို့ ရှိနေပါတယ်။ NUG အစိုးရအနေနဲ့ ပျံ့နှံ့နေတဲ့ အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေကို စုစည်းပြီး၊ မြန်မာပြည်သူအားလုံးအတွက် ဒီမိုကရေစီအရေး အင်အားစုအဖြစ် အသွင်ပြောင်းလဲဖို့ လိုပါတယ်။ ပြောင်းလဲဖို့ အချိန်တန်တာကြာလှပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စီးပွားရေး နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍအားလုံးကို ပြင်ဆင်ပြောင်းလဲဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သက်သေပြနိုင်ဖို့လည်း လိုအပ်ပါတယ်"

အဲဒီနောက် Heritage Foundation က အာရှရေးရာ လေ့လာရေး ဌာန ညွှန်ကြားရေးမှုး ဝေါ်လတာ လိုမန်က ဦးဆောင်ပြီး၊ NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့က စစ်အစိုးရကို ထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်အစိုးရကို တွန်းအားပေးနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပုံမှန်ုပြန်လည်လည်ပတ်နိုင်ဖို့ကို အားပေးကြောင်းနဲ့ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ့် လုပ်ငန်းတွေကိုသာ ပစ်မှတ်ထားပြီး အရေးယူဖို့ တောင်းဆိုနေတာဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် စင်္ကာပူနိုင်ငံကို တစ်ဆင့်ခံပြီး လုပ်ကိုင်နေတဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ လိုတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာ မလုပ်နိုင်သေးခင်မှာ လက်နက်ရောင်းချမှုအတွက် ငွေကြေးလွှဲပြောင်းမှုတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ လိုတဲ့အကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

 https://www.rfa.org/burmese/news/usa-myanmar-military-coup-05262021185910.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.