Breaking

June 2, 2021

ထိုင်း-မြန်မာနယ်စပ်တံတားပိတ်လို့ မြန်မာ အလုပ်သမား ၄ဝဝ နီးပါး နေရပ်ပြန်မရဖြစ်နေ

2021-06-01


ထိုင်း-မြန်မာနယ်စပ်တံတားပိတ်လို့ မြန်မာအလုပ်သမား ၄ဝဝ နီးပါး နေရပ်ပြန်မရဖြစ်နေ  
ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားများ။
Photo: JACBA

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီ၊ မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မေလ ၃၁ ရက်နေ့က မြန်မာဘက်ခြမ်းက အကန့်အသတ်မရှိ ပိတ်လိုက်လို့ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ လောက် သောင်တင်နေတယ်လို့ မြန်မာ့အရေးကူညီနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံကိုပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၁၀၀ လောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့လို့ စိုးရိမ်မှုတွေကြောင့် မြန်မာဘက်ခြမ်းက ပိတ်လိုက်တာ ဖြစ်တယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာပြည်ကိုပြန်မယ့် မြန်မာလုပ်သား ၃၉၄ ယောက်ဟာ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှာရှိတဲ့ ကားပါကင်နေရာမှာ သောင်တင်နေတာ ဖြစ်ပြီး သူတို့ကို ထိုင်းစစ်တပ်နဲ့ ထိုင်းနယ်ခြားစောင့်တပ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက လုံခြုံရေးယူပေးပြီး ထားတယ်လို့ ဆိုပါတယ်။

နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမားတချို့ဟာ တရားဝင် ပြန်ခွင့်မရတော့လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှာ အဖမ်းခံပြီး ပြန်လာသူတွေ ရှိသလို၊ တချို့ အလုပ်သမားတွေဆိုရင် ပွဲစားတွေနဲ့ ကားငှားပြီး ပြန်လာခဲ့တာဖြစ်လို့ ဘတ်သောင်းချီပေးပြီး ပြန်ကြရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေလို့ ထိုင်းမြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ မြဝတီ၊ မဲဆောက်၊ တာချီလိတ်၊ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း စတဲ့ နယ်စပ်ဂိတ်ကနေ နေရပ်ပြန် မြန်မာအလုပ်သမားတွေ တရားဝင်ပြန်ခွင့်မရှိတော့ဘဲ အခက်အခဲတွေနဲ့ သောင်တင်နေကြတာပါ။

 https://www.rfa.org/burmese/news/thailand-myanmar-migrants-workers-06012021163529.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.