2021-06-03
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi။
အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအသင်း အာဆီယံက ကိုယ်စားလှယ်နှစ်ဦး ကြာသပတေးနေ့ညက နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။
ရောက်ရှိလာတဲ့ အာဆီယံကိုယ်စားလှယ်နှစ်ဦးဟာ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးရာ ဝန်ကြီး Erywan Pewhin Yusof နဲ့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဖြစ်ပါတယ်။ စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ကတော့ မကြာခင် သတင်းအပြည့်အစုံကို ထုတ်ပြန်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်များ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိမရှိ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။ ကြာသပတေးနေ့ စစ်ကောင်စီ ရုပ်မြင်သံကြားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG ကို အကြမ်းဖက် အုပ်စုအဖြစ် ပြောသွားပြီး အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ ကိုလည်း စစ်ကောင်စီက မတရားသင်းအဖြစ် ကြေညာထားပါတယ်။ ခုလို မတရားသင်း ကြေညာထားသူ တွေနဲ့ တွေ့ဆုံသူ၊ စကားပြောဆိုသူ သတင်းထောက်တွေ အပါအဝင် အားလုံးဟာ ပြဌာန်းထားတဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူလို့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
NUG အစိုးရကလည်း အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲပြီး တလကျော်အကြာမှာ အာဆီယံကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအသင်းမှာ အသင်းဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ပြီးမစွက်ဖက် ရဘူးဆိုတဲ့ မူချမှတ်ထားပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်တွင်းက ပြဿနာတွေက ဒေသတွင်းနိုင်ငံတွေထဲအထိ ရိုက်ခတ်မှုတွေရှိနေတာကြောင့် မြန်မာ့အရေးကို အာဆီယံနိုင်ငံတွေက ဝင်ရောက် ကူညီဖြေရှင်း သင့်တယ် ဆိုပြီး တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
https://www.rfa.org/burmese/news/asean-envoys-have-arrived-in-myanmar-06032021134641.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.