Breaking

June 6, 2021

မြန်မာ့အရေး အာဆီယံရဲ့ ကြားဝင်မှုအပေါ် နိုင်ငံရေး လှုပ်ရှားသူတွေ စိုးရိမ်

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)

2021-06-05

မြန်မာနိုင်ငံကိုရောက်နေတဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတိုအီရဝန် ယူဆော့ဖ်နဲ့ အာဆီယံ အတွင်းရေးမှူး ချုပ် ဒါတိုလင်မ်ဂျော့ဟွိုင်တို့ဟာ စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ဇွန်လ ၄ရက်နေ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့လက ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ရလဒ်တွေကိစ္စ၊ အာဆီယံ အသိုက် အဝန်းထူထောင်ရေး ကြိုးပမ်းအားထုတ်နေမှုတွေ၊ Covid 19 ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အာဆီယံ အဖွဲ့က ဆောင်ရွက်နေမှု၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စ၊ မတရားအသင်း ကြေညာ ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်း အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်နေမှုတွေ၊ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်း မှားယွင်းမှုတွေနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ့် အခြေအနေတွေအပြင် လူသားချင်း စာနာ ထောက်ထား ရေး ကိစ္စရပ်တွေမှာ မြန်မာက ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေး နိုင်ဖို့ ကြိုးစားမှုတွေရှိခဲ့ပေမယ့် အာဆီယံက တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိခဲ့သလို အခုလည်း စစ်ကောင်စီနဲ့ပဲ တွေ့ဆုံတာကြောင့် NUG အနေနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုအပေါ် ဘာမျှော်လင့် ချက်မှ မရှိဘူးလို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်တဲ့ အာဆီယံ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးချက် ချမှတ်ခဲ့ပါတယ်။

အဲဒါတွေကတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို နှစ်ဘက်စလုံးက အဆုံးသတ်ရေး၊ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့်အပ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ရေး တို့ ဖြစ်ပါတယ်။

min aung hlaing and asean .jpg
အာဆီယံခေါင်းဆောင်များနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁ ဇွန် ၄ ရက်‌နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် Photo: Dsinfo

လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မသင်ဇာရွှန်းလဲ့ရည်ကလည်း ပြီးခဲ့တဲ့လ အာဆီယံ အစည်းအဝေးက ဆုံးဖြတ်ချက်တွေထဲမှာ အရေးကြီးတဲ့အချက် မပါဝင်သလို အခုခရီးစဉ်မှာလည်း စစ်ကောင်စီနဲ့သာ တွေ့ဆုံ ခဲ့တာကြောင့် အာဆီယံက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်တာလားဆိုတာ စိုးရိမ်စရာဖြစ်စေတယ်လို့ ဆိုပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ အာဆီယံ ခေါင်းဆောင်တွေ လာရောက်မယ့်ကိစ္စဟာ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးခုထဲက အရေးကြီးတဲ့ အချက်တစ်ချက်အရ လာရောက်တာ ဖြစ်နိုင်ပြီး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်လိမ့်မယ်လို့ RFA ကိုပြောခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးကိစ္စနဲ့ ဘက်အသီးသီးနဲ့ တွေ့ဆုံပြီး မြန်မာပြည် ပြဿနာကို ဆွေးနွေတာမဟုတ်ဘဲ စစ်ကောင်စီရဲ့တစ်ဖက်သတ်ဆွေးနွေးမှုကိုပဲ လက်ခံနားထောင်တာမျိုး အာဆီယံက စစ်ကောင်စီကို တရားဝင်လက်ခံတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောပါတယ်။

192640869_4174935192544072_971952757182070088_n.jpg
အာဆီယံခေါင်းဆောင်များနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁ ဇွန် ၄ ရက်‌နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ် Photo: Dsinfo

အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးခုကို စစ်ကောင်စီက လိုက်နာဆောင်ရွက်အောင် တွန်းအားပေးဖို့နဲ့ မြန်မာ့အရေးမှာ ပါဝင်နေတဲ့ အဓိက အဖွဲ့အစည်း အားလုံးနဲ့လည်း တွေ့ဆုံဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ APHR က ဇွန်လ ၁ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဆီယံက သဘောတူညီချက် ငါးချက် ချမှတ်လိုက်ကတည်းက အဲဒီ သဘောတူချက် တွေမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတာကြောင့် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက် မပါဝင်တဲ့အပေါ် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

https://www.rfa.org/burmese/news/asean-leaders-in-myanmar-06052021053429.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.