ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု
အဓိကဖြန့်ဖြူးနေတဲ့နိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးလိုက်ပြီး၊ နိုင်ငံအတွင်း
အပစ်အခတ်ရပ်စဲရေးအတွက်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပေးဖို့
တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က
အာဏာသိမ်းခဲ့ချိန်ကစပြီး၊ နိုင်ငံရေး စီးပွားရေးအကျပ်အတည်းနဲ့
ကြုံတွေ့နေရသလို ပြင်းထန်ဆိုးရွားတဲ့ ကိုဗစ်ကူးစက်မှုနဲ့လည်း အသည်းအသန်
ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ရေးအစီအစဉ်တွေလည်း
ပျက်ပြားသွားခဲ့ရပါတယ်။ စစ်ကောင်စီ လက်အောက် အလုပ်မဆင်းရေး
ဆောင်ရွက်နေကြတဲ့ ဆရာဝန်တွေလည်း ဖမ်းဆီးခံရမယ့် ဘေးရန်ရှိနေတဲ့ကြားက
ကိုဗစ်လူနာတွေကို လျှို့ဝှက်ကုသပေးနေကြရပါတယ်။
ကူးစက်မှုနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က
ကိုဗစ်ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်အတိအကျကို ရှင်းရှင်းလင်းလင်း
မသိရကြောင်း၊ ကူးစက်မှုတွေ မြန်မြန်ဆန်ဆန်မြင့်တက်နေပြီး၊ စိုးရိမ်ဖွယ်
အနေအထားမှာရှိနေကြောင်း မေးမြန်းခန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ စာနယ်ဇင်းသမားတွေနဲ့ ဆရာဝန်တွေကို စစ်အစိုးရက ပစ်မှတ်ထားနေတဲ့အတွက် ကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်း အချက်အလက် ရှိဖို့လည်း ခက်ခဲနေပါတယ်။ ဇွန်လ ၁ ရက်နေ့က စပြီး အခုထိ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၄၆၂၉ ဦး ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီအတွင်း မြန်မာစစ်ကောင်စီက ကိုဗစ်ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြပါတယ်။
မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကိုရိုနာ ကိုဗစ်ကာကွယ်ဆေးကို ပြည်ပလှူဒါန်းမှုတွေ အပြင်၊ ရုရှားအကူအညီနဲ့ နိုင်ငံတွင်းထုတ်လုပ်မှုတွေ တိုးမြှင့်ဖို့ လိုအပ်နေပြီး၊ အာဆီယံ ကိုဗစ်- ၁၉ ရန်ပုံငွေအဖွဲ့ဆီကလည်း ထောက်ပံ့ငွေ ရရှိနိုင်တယ်လို့ ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလတ်တလောမှာ တရုတ်ပြည်ထုတ် ကာကွယ်ဆေး နှစ်သန်း ရရှိထားပါတယ်။ ဒါပေမဲ့ အဲဒီ အရေအတွက်က နိုင်ငံ့လူဦးရေရဲ့ ၃.၂ ရာခိုင်နှုန်းကိုသာ ထိုးနှံနိုင်မယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံတွင်းမှာ ကူးစက်ခံရသူတွေအတွက် အောက်ဆီဂျင် ရရှိဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကဆိုရင် ရန်ကုန်ဆေးရုံကြီးမှာ အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အနည်းဆုံး လူနာ ၈ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ကိုရိုနာကူးစက်မှုကြောင့် အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒီအတွင်း မြန်မာပြည်အရှေ့ပိုင်းမှာ အဆိုးရွားဆုံးရေကြီး ရေလျှံမှုတွေလည်း ပေါ်ပေါက်နေပါတယ်။
https://www.rfa.org/burmese/news/covid-myanmar-asean-07282021161955.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.