Breaking

July 4, 2021

ချင်းပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၇၀ ကျော်လာ

2021-07-04


မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ် တစ်ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်ထဲက တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေမှာ ဇူလိုင် ၃ ရက် မနေ့ကအထိ ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း တစ်ထောင်ကျော် ရှိနေပြီး သေဆုံးသူ ၇၄ ယောက်ရှိနေပါပြီ။

မြန်မာနိုင်ငံတွင်း ကိုဗစ်တတိယလှိုင်းစဖြစ်တဲ့ မေလဆန်းပိုင်းကနေ အခု ဇူလိုင်လ အစောပိုင်းအထိ အချိန် နှစ်လနီးပါးအတွင်းမှာ လူပေါင်း ၇၄ ယောက် သေဆုံးသွားတာလို့ ဒေသခံ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ကိုဗစ်-၁၉ ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းတွေကို မြို့နယ်အလိုက် ပရဟိတအဖွဲ့အစည်းတွေကပဲ ဦးဆောင်လုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တတိယလှိုင်းအဖြစ် တစ်ကျော့ပြန်ဖြစ်လာတဲ့ ကိုဗစ်-၁၉ ဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေတစ်ဆင့် ကူးစက်လာတာဖြစ်ပြီး မေလဆန်းပိုင်းက တွန်းဇံမြို့နယ်မှာ ပိုးစတင်ဖြစ်ပွားခဲ့ရာကနေ ကျန်မြို့နယ်တွေနဲ့ ကျေးရွာတွေဆီ ကူးစက် ပျံ့နှံ့ကုန်တာဖြစ်ပါတယ်။

"ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးဖို့က တကယ့် ခက်ခဲနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အခု အစိုးရကနေ ပံ့ပိုးမှုက သိပ်မရှိဘူး"

ချင်းပြည်နယ်၊ မြောက်ပိုင်း၊ တီးတိန်မြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင် ၁ ရက်နေ့ တစ်ရက်တည်းမှာတင် သေဆုံးသူ ခုနစ်ဦး အထိရှိခဲ့ပြီး ဇူလိုင် ၃ ရက်နေ့အထိ ပိုးတွေ့သူစုစုပေါင်း ၂၇၀ ကျော်ရှိကာ သေဆုံးသူ ၁၉ ဦး ရှိနေတယ်လို့ တီးတိန်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကုသရေးပိုင်းမှာကျတော့ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းက မျှတမှုမရှိဘူး။ လူနာတွေကို စောင့်ကြည့်မယ့် ကျန်းမာရေးဝန်ထမ်းက ကျွမ်းကျင်တဲ့ သမားတော်တွေ၊ ဆရာဝန်တွေ မရှိဘူး။ အဲဒီလိုမျိုး အခြေအနေမှာ ရှိတယ်။ ဗော်လန်တီယာ စေတနာဝန်ထမ်းတွေ အကုန်လုံးကို Positive လား၊ Negative လားဆိုတာ စစ်ဆေးဖို့ ကျွန်တော်တို့ အစီအစဉ်ရှိတယ်။ ပထမအစီအစဉ်ပေါ့။ ဒုတိယက ဘာရှိလဲဆိုတော့ အခုချိန် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးဖို့က တကယ့် တကယ်ကို ခက်ခဲနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အခု အစိုးရ ကနေ ပံ့ပိုးမှုက သိပ်မရှိဘူး။"

ချင်းပြည်နယ်၊ ရိဒ်ရေကန်ရှိရာ ရိဒ် (ခေါ်) ဒါမြို့မှာလည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနေပြီး ပိုးတွေ့သူ ၂၄၀ ကျော်ရှိနေကာ သေဆုံးသူ နှစ်ဦး ရှိပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဖလမ်းမြို့နယ်တွင်း ကျေးရွာတွေမှာ သေဆုံးသူ ၃၅ ဦးရှိနေပြီး ဖလမ်းဟာ ချင်းပြည်နယ်မှာ သေဆုံးမှု အများဆုံး မြို့နယ်ဖြစ်ပါတယ်။

covid-death-falam.jpg
(ဖလမ်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသွားသူတစ်ဦးကို ၂၀၂၁၊ ဇူလိုင် ၁ ရက်နေ့က သင်္ဂြိုဟ်ခဲ့စဉ်၊ Photo: Chinland Herald DAILY News)

လက်ရှိ ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေကို ဇွန်လ ၂၃ ရက်နောက်ပိုင်းကစပြီး ဒေသခံ မြို့မိ၊ မြို့ဖတွေက အသွားအလာကန့်သတ် Lockdown ချထားပါတယ်။

ချင်းပြည်နယ်မှာ တစ်ကျော့ပြန် ကိုဗစ်-၁၉ကို ပထမဦးဆုံး ပြန်တွေ့ရှိတဲ့ တွန်းဇံမြို့မှာ ဇွန်လ ၁ ရက်နေ့ အထိ ပိုးတွေ့သူ ၅၈၉ ရှိနေပြီး သေဆုံးသူ (၁၇) ဦးရှိတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ကျီးခါးကတော့ နည်းနည်းတော့ ထိန်းချုပ်လို့တော့ ရလာပြီပေါ့နော်။ ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ တစ်နေရာထဲ နိုင်လို့တော့မရဘူး။ ဘေးပတ်ဝန်းကျင်တွေလည်း ရှိတယ်။ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့က ဆရာမတွေ ရွာဘက် တွီးမွေသွားခိုင်းတယ်။ အဓိက ရွာကြီးတွေပေါ့။ ပြီးတော့ တွန်းဇံကတော့ မြို့ပေါ်က သိပ်တော့မလုပ်နိုင်သေးပေမယ့် ပိုကူးစက်နှုန်းကတော့ ခံသာလာတယ်။ မြို့ နီးနားက ဖိုင်တူ ကတော့ နည်းနည်းဆိုးတယ်။ တီးတိန်ကတော့ အဆိုးဆုံးပေါ့။ အဲဒါကြောင့် ဒီဟာက ဖြေရှင်းနိုင်ဖို့က အရေးကြီးဆုံးကတော့ အသိပညာပေးဖို့ပဲ ကိုယ့်အိမ်မှာကြတယ်ဆိုရင် အများကြီး သက်သာတယ်။ တော်တော်များများက ရှိမှန်းမသိ၊ မရှိမှန်း မသိတဲ့ခါကျတော့ ဖျားတဲ့လူတိုင်းကို စစ်ဆေးနိုင်ဖို့က အဓိက ကျွန်တော်တတ်နိုင်တဲ့ဘက်က ဌာနကိုလည်း ကိုဗစ် စစ်ဆေးတဲ့ဟာကို တောင်းတယ်။ အပြင်က အလှူရှင်များကိုလည်း လက်ခံတယ်။ ဒါနဲ့ဆက်လုပ်ပြီးတော့ ရှေ့ဆက်နေတယ်။"

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ CDF တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်ထောင်နီးပါးလောက်ရှိနေတဲ့ ထန်တလန်မြို့မှာလည်း ကိုဗစ်-၁၉ တွေ့ရှိသူ ၅၂ ဦး ရှိနေပြီး သေဆုံးသူ တစ်ဦးရှိတယ်လို့ ထန်တလန်မြို့က ကိုဗစ်-၁၉ ကာကွယ်ကုသရေးကော်မတီ အဖွဲ့ ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ။

"မြို့နယ်အုပ်ချုပ်ရေး ခွင့်ပြုချက်အရ ကျွန်တော်တို့ ကော်မတီ ဖွဲ့စည်းထားတယ်။ ဒီနေ့ထိ ကျွန်တော်တို့ လူနာ ၁၈၇ ယောက် စစ်ဆေးပေးခဲ့တယ်။ အဲထဲမှာ ၅၂ ယောက် ကိုဗစ် တွေ့ရှိတယ်။ တစ်ယောက်ဆုံး သွားတယ်။ ဇွန်လ ၁၇ ရက်နေ့ကနေစပြီးတော့ စစ်ဆေးမှု စတင်တယ်။ ခြောက်ခါတိတိ ကျွန်တော်တို့ စစ်ဆေးပြီးပြီ"

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ စတင်ထိုးနှံတဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ချင်းပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း သုံးထောင်နီးပါးကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာ ကျန်းမာရေးဝန်ထမ်းအများစုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတာတွေကြောင့် ကိုဗစ်-၁၉ တစ်ကျော့ပြန် ဖြစ်ပွားလာချိန်မှာ ဝန်ထမ်းအင်အား အခက်အခဲတွေ ကြုံလာရသလို ဆေးကုသပေးမယ့် ဆရာဝန် မရှိသလောက်ဖြစ်နေတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က RFA ကိုပြောပါတယ်။

"ကိုဗစ်ကာကွယ်ဆေးကတော့ ကျွန်တော်တို့ ဇန်နဝါရီ ၂၇ မှာ ဟားခါးမှာ ထိုးတယ်။ နောက်ပိုင်းမှာ ဌာနဆိုင်ရာတွေ ထိုးပြီးတော့ နောက် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချင်းပြည်နယ်အစိုးရဖွဲ့နဲ့ ပတ်သက်တဲ့ ဟာတွေ ထိုးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အခုဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒီလိုဖြစ်သွားတဲ့အခါကျတော့ ဆက်လုပ်ဖို့ အဆင်မပြေဘူး။ အရင် ပထမထိုးတဲ့လူတွေကလည်း နောက် ဒုတိယအကြိမ် မထိုး ကြတော့ဘူးလို့ ကျွန်တော်ကြားတယ်။ ဒါကတော့ စစ်ကောင်စီအနေနဲ့ ဘယ်လိုဆောင်ရွက်နေလဲတော့ မသိဘူးနော်။ ဒါပေမဲ့ ကျွန်တော်သိသလောက်က အဆက်ပြတ်နေတဲ့သဘော ဖြစ်နေတယ်။ တချို့ကတော့ လိုလိုလားလား ရှိတယ်။ တချို့ကတော့ သိပ်စိတ်မဝင်စားဘူးဖြစ်နေတယ်။ ကျွန်တော်တို့ အခု စေတနာ့ ဝန်ထမ်းတွေ ကာကွယ်ဆေးထိုးဖို့ကတော့ မြို့နယ်ဆရာဝန်ကနေတစ်ဆင့် တင်ပြခိုင်းတယ်။ အစိုးရ စီမံခန့်ခွဲမှုကတော့ အရေးကြီးတယ်။ အုပ်ချုပ်မှုကဏ္ဍကတော့ ကျွန်တော်တို့လုပ်ဖို့ မလွယ်ဘူးပေါ့နော်။ အခါတိုင်းဆိုရင် ကျွန်တော်တို့က ကော်မတီဖွဲ့တယ်။ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌပေါ့ စသဖြင့် ဖွဲ့ထားတယ်။ အခုက ခက်တာက ကုသရေးပိုင်းမှာ ဆရာဝန်မရှိတဲ့ နေရာများတော့ တော်တော်ကို အခက်ခဲရှိတယ်။ ကျန်တဲ့အပိုင်း စစ်ဆေးတာတို့ကတော့ တက်ကြွတဲ့ ဗော်လန်တီယာတွေနဲ့ လုပ်ရင်တော့ လုပ်နိုင်မယ်။ အမှန်ကတော့ ဒါက အခုချိန်မှာ အစိုးရတာဝန်ယူတဲ့လူရဲ့ ပါဝင်မှုက အရေးကြီးတယ် ရေရှည်အတွက်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲမှာ ကိုဗစ်-၁၉ ကုသရေးပိုင်းမှာ တက်ကြွတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ပဲ လုပ်ဆောင်ရနေပြီး ကျေးရွာအလိုက် လူငယ်တွေဟာ ကူးစက်မှု နည်းလာအောင် မြို့နယ်၊ ကျေးရွာအလိုက် အသွားအလာကန့်သတ်တာ၊ အဝင်အထွက်တွေမှာ စစ်ဆေးတာတွေ လုပ်နေပါတယ်။

ဇူလိုင် ၃ ရက် မနေ့က ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၈၇၇ ဦး၊ ထပ်မံသေဆုံးသူ ၂၀ ဦး၊ ပိုးတွေ့လူနာ စုစုပေါင်း ၁၆၃,၀၈၇ ဦး၊ သေဆုံးသူစုစုပေါင်း ၃,၃၈၄ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 https://www.rfa.org/burmese/news/over70-people-death-in-chin-state-07042021072248.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.