Breaking

July 23, 2021

ကျန်းမာရေးလုပ်သားတွေ ဖမ်းဆီးတိုက်ခိုက် ခံရမှု ရပ်တန့်ဖို့ ကျွမ်းကျင်သူတွေ တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-07-22


ဇူလိုင်လ ၂၂ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ APHR အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရိုမာရာတို့ တက်ရောက်ပြီး အမည်မဖော်လိုသူ မြန်မာဆရာဝန်တစ်ဦးက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကြပ်အတည်းကာလအတွင်း တွေ့ကြုံနေရတဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြသွားခဲ့ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူကော၊ သေဆုံးသူအရေအတွက်တွေဟာ အလျှင်အမြန် တိုးပွားလာနေပြီး၊ ဒီ ကိန်းဂဏန်းတွေဟာ မြေပြင်က အခြေအနေမှန်ကို ကိုယ်စားပြုတယ်လို့ မထင်ကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက လုပ်အားပေးသူတွေ၊ သုဿန်တွေနဲ့ မီဒီယာသတင်းဖော်ပြချက်တွေအရ ရန်ကုန်တစ်ခုတည်းမှာတင် သေဆုံးသူ ထောင်ဂဏန်းအထိ ရှိခဲ့တာကို တွေ့ရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တဲ့ ကျေးလက်ဒေသတွေမှာ ရောဂါဖြစ်ပွားသေဆုံးမှုတွေ၊ ကိုဗစ် မဟုတ်တဲ့ အခြား ရောဂါတွေနဲ့ သေဆုံးမှုတွေကို ထည့်မတွက်နိုင်တဲ့အတွက် တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ အပေါ်ယံသာဖြစ်နေကြောင်းနဲ့ ဒီတစ်နေ့တခြား မြင့်တက်လာတဲ့ ကိန်းဂဏန်းတွေဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံးကို စီမံခန့်ခွဲမှု မှားယွင်းနေတာကို ညွှန်ပြနေကြောင်း အမည်မဖော်လိုသူ ဆရာဝန်က ပြောသွားပါတယ်။
chin-kanpatlat.jpg
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့က ကိုဗစ်အတည်ပြုလူနာနဲ့ အနီးကပ်နေခဲ့သူ မိသားစုဝင်တဦးကို ဆေးစစ်ရန် ခေါ်ဆောင်လာစဉ်။ (Photo: Chin World)

အခုချိန်မှာ နေထိုင်မကောင်း ဖြစ်သူတွေဟာ ရောဂါ ပိုးရှိမရှိ စစ်ဆေးမှု ခံယူဖို့နဲ့ ဆေးရုံမှာ ဆေးဝါးကုသခံယူနိုင်ဖို့ ရပ်ကွက်၊ မြို့နယ်နဲ့ တိုင်းအဆင့် ဌာနဆိုင်ရာတွေက ထောက်ခံစာတွေ၊ ရည်ညွှန်းစာတွေ၊ ခွင့်ပြုချက်တွေ လိုက်ပြီး တောင်းခံဖို့ လိုအပ်တာကြောင့် ဆေးဝါးကုသမှုခံယူဖို့ အလွန်ခက်ခဲပြီး ကြန့်ကြာစေတဲ့အကြောင်းနဲ့ ဒီလို ခက်ခဲပြီး ကြန့်ကြာအောင် ကြိုးနီစနစ်တွေနဲ့ လုပ်ထားတဲ့အတွက် ချက်ချင်း ဆေးကုသမှုမခံနိုင်တာဟာ ရောဂါဖြစ်ပွားသေဆုံးမှုတွေ တဟုန်ထိုး မြင့်တက်လာရတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုအချိန်မှာ ဆေးရုံဆေးခန်းတွေနဲ့ စက်ပစ္စည်းတွေဟာ ကုသပေးနိုင်တဲ့ ပမာဏထက် ကျော်လွန်နေတဲ့အပြင်၊ အချို့ဒေသတွေမှာ ဆေးရုံတွေမှာ စစ်တပ်က တပ်စွဲထားတာကြောင့် လူနာတွေ လာရောက်ကုသဖို့ အခက်အခဲဖြစ်စေကြောင်း၊ ရောဂါ ဖြစ်ပွားနေသူတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် အလုံအလောက် မပေးနိုင်တာနဲ့ ရောဂါဖြစ်ပွားသူတွေကို ထိထိရောက်ရောက် quarantine မလုပ်ပေးနိုင်တော့တာဟာလည်း အသေအပျောက်များစေတဲ့ အကြောင်းတွေ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မြောက်ဒဂုံနဲ့ မန္တလေးမြို့တွေမှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေကို ကိုဗစ်လူနာ အယောင်ဆောင် မြှားခေါ်ပြီး ဖမ်းဆီးတာ၊ ဆေးခန်းကို ဝင်ရောက်ရှာဖွေပြီး၊ ပိုင်ဆိုင်တဲ့ ဆေးပစ္စည်းတွေ စက်ပစ္စည်းတွေကို သိမ်းယူသွားတာတွေလုပ်ခဲ့တဲ့ အကြောင်း၊ ဒီလိုလုပ်ရပ်တွေကြောင့် အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး စစ်ကောင်စီက စွဲဆိုထားတာခံရတဲ့ ဆရာဝန်တွေဟာ လူနာတွေကို သွားရောက်ကြည့်ရှုပေးဖို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတဲ့အကြောင်း၊ လူနာတွေဟာ စောစောစီးစီး ဆေးကုသမှု မခံယူရတာ၊ ဆေးရုံတက်ခွင့်ရဖို့ အလွန်ကြန့်ကြာနေတာနဲ့ စစ်တပ်သတင်းပေးတွေရဲ့ ရန်ကို ကြောက်နေရလို့ တပိုင်တနိုင် ကုသပေးတဲ့ ဆရာဝန်တွေ အလုပ်မလုပ်နိုင်တာတွေကြောင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ referral စနစ်တစ်ခုလုံး ပြိုပျက်သွားတာ ဖြစ်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

kalayy.jpg
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇူလိုင်လ ၁ဝ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်သေဆုံးခဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို သဂြိုဟ်ရန် နေအိမ်မှ သယ်ဆောင်လာစဉ်။ (Photo: Chin World)

လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး အဆိုပြုရာမှာ၊ မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ လုပ်အားပေးသူတွေ တိုက်ခိုက်ခံနေတာတွေ ရပ်တန့်ပြီး၊ ပုံမှန်အလုပ်လုပ်နိုင်အောင် အကူအညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ၊ ကာကွယ်ဆေးတွေနဲ့ ဆေးဝါးပစ္စည်းတွေကို နိုင်ငံတကာ NGO အဖွဲ့တွေ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေ တဆင့် အရပ်သားပြည်သူ တွေ လက်ထဲကို တိုက်ရိုက်ရောက်အောင် အကူအညီပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ပေးမှုအောက်မှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအားလုံး ဘေးကင်းစွာ အလုပ်လုပ်ခွင့်ရပြီး၊ လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး လာရောက် ဆေးဝါးကုသခွင့်ရအောင် လုပ်ပေးဖို့ စတဲ့ အဆိုပြုချက်တွေကို အကောင်အထည်ဖော်ပေးဖို့ အမည်မဖော်လိုသူ မြန်မာဆရာဝန်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အိမ်နီးချင်း နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကိုဗစ် ၁၉ ရောဂါပိုး မျိုးကွဲအသစ်တွေ အဓိက ဖြန့်ဖြူးတဲ့ နိုင်ငံအဖြစ် ရောက်ရှိလာတာဟာ အိမ်နီးချင်း နိုင်ငံတွေအတွက် ကော၊ တကမ္ဘာ့လုံးအတွက်ကော ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး။ မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အတူတကွ အလုပ်လုပ်ကြဖို့၊ မြန်မာနိုင်ငံက ဆရာဝန်တွေအနေနဲ့ နိုင်ငံတကာကို တိုက်တွန်းကြောင်း ပြောသွားပါတယ်။

 https://www.rfa.org/burmese/news/coup-covid-aphr-military-07222021182514.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.