Breaking

August 19, 2021

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေး

 ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)

2021-08-18

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်းကြောင့် သေဆုံးသူတွေများလာတာနဲ့အမျှ လူသားချင်းစာနာမှု အကျပ်အတည်းက တစ်နေ့ထက်တနေ့ ပိုဆိုးလာနေတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအမတ်ကြီး မစ္စခရစ်တင်းဘာဂနာနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေး UNOCHA အဖွဲ့ အကြီးအကဲ ရာမက်ရှ် ရာဂျာဆင်နမ် တို့က ပြောကြားခဲ့တဲ့အကြောင်း ဗြိတိန်နိုင်ငံသံအမတ်ကြီး ဂျိန်းစ် ကာရီယူကီက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အာဏာသိမ်းမှု မဖြစ်ခင်က မြန်မာနိုင်ငံမှာ အားကောင်းတဲ့ ကာကွယ်ဆေး ထိုးနှံမှု မှတ်တမ်း နဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်ကုသရေး အစီအစဉ်တွေ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပုံမှန်လည်ပတ်နေတာ မရှိသလောက်ပါပဲ။ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက် ဆက်လက်တိုက်ခိုက်အရေးယူနေပါတယ်။ စုစုပေါင်း လူဦးရေရဲ့ သုံးရာခိုင်နှုန်းပဲ ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။ ဒါကြောင့်မို့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် Resolution 2565 အရ မြန်မာနိုင်ငံမှာ လိုအပ်နေသူတွေ အားလုံး ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ လူသားချင်း စာနာမှုအကူအညီတွေကို ချက်ချင်း ဝင်ရောက်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်ပေးဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့လည်း တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာမလိုဘဲ အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုချင်ပါတယ်”

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဧပြီကတည်းက အာဆီယံခေါင်းဆောင်တွေကို သဘောတူထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

“ပြီးခဲ့တဲ့ ဧပြီကတည်းက အာဆီယံနဲ့ သဘောတူထားတဲ့ five point agreement သဘောတူညီချက်ငါးချက်ကို အခုထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ဒီထက် နောက်ကျခံလို့ မဖြစ်တော့ပါဘူး။ အခုလို အာဆီယံအထူးသံတမန် ခန့်အပ်လိုက်နိုင်ပြီး မြန်မာနိုင်ငံကို လူကိုယ်တိုင် သွားရောက်တဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံစကားပြောပြီး ဒါကို ဖြစ်အောင်လုပ်ပေးနိုင်မယ်လို့ ယူဆပါတယ်”

2b3142cb-d7f3-4001-bf37-bdb5c3d18547.jpeg
ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေး။ (File Photo: AFP)

ဖေဖော်ဝါရီလ ၂၆ ရက်က လုံခြုံရေး ကောင်စီကနေ ချမှတ်လိုက်တဲ့ resolution 2565 ဟာ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုနိုင်အောင် ဖြန့်ချိပေးဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြင့်တင်ပေးဖို့အတွက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်အရ ကမ္ဘာတလွှားက စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အတားအဆီးမရှိ ပေးပို့၊ ဖြန့်ဖြူး၊ ထိုးနှံပေးနိုင်ဖို့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ခြွင်းချက်မရှိ ရပ်တန့်ပေးထားရမှာ ဖြစ်ပြီး၊ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့တွေကို အတားအဆီးမရှိ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ တံခါးပိတ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်လိုက်တဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု စိတ်ဓာတ်နဲ့ တိုက်ခိုက်မှုတွေကို ရပ်ထားပေးဖို့ တောင်းဆိုရာမှာ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ဧပြီကတည်းက အာဆီယံနဲ့ သဘောတူထားတဲ့ five point agreement သဘောတူညီချက်တွေကို အခုထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒီထက် နောက်ကျခံလို့ မဖြစ်တော့ပါဘူး။ အခုလို အာဆီယံ အထူးသံတမန် ခန့်အပ်လိုက်နိုင်ပြီး၊ မြန်မာနိုင်ငံကို လူကိုယ်တိုင် သွားရောက်တဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံစကားပြောပြီး ဒါကို ဖြစ်အောင်လုပ်ပေးနိုင်မယ်လို့ ယူဆပါတယ်။”

09bf43ea-1237-4ddb-aa1d-239d4c51d0d6.jpeg
မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan။ (File Photo: AFP)

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး resolution ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်နိုင်ဖို့ အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ခုလို ဖြေကြားခဲ့ပါတယ်။

“လုံခြုံရေးကောင်စီအတွင်းမှာ သဘောတူညီချက်အချို့ ရထားတာ ရှိပါတယ်။ ချထားပြီးသား ဆုံးဖြတ်ချက် Resolution 2565 အရလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဒီနေ့ အစည်းအဝေးကတော့ ဘာရလဒ်မှ မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စ လုံခြုံရေးကောင်စီရဲ့ Agenda အစီအစဉ်ထဲမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ တောင်းဆိုမှတွေ တော်တော်များများ ရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရတဲ့အချိန်မှာ ဒီကိစ္စကို ဆောင်ရွက်နိုင်ဖို့ ရှိပါတယ်”

မြန်မာပြည်သူတွေဟာ လူမျိုးဘာသာမရွေး၊ နိုင်ငံရေးယုံကြည်မှု ဘယ်လိုပဲရှိရှိ၊ လိုအပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ တပြေးညီ တန်းတူ ရရှိနိုင်ဖို့အတွက် ကုလသမဂ္ဂ ဂါဗီး လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေး မဟာမိတ်အဖွဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက သဘောတူခဲ့တဲ့အကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

000_9788PQ.jpg
ဧပြီလက နေပြည်တော်မှာ သံဃာတော်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်းကို စစ်ကောင်စီ ထိန်းချုပ်တဲ့ MRTV ရုပ်သံသတင်းမှာ ထုတ်လွှင့်ခဲ့စဉ်။

ဒီအစည်းအဝေး မတိုင်ခင်မှာ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဖြူးပေးအပ်တာဟာ နိုင်ငံရေးမစွက်ဖက်တဲ့ လုပ်ဆောင်ချက်မျိုးပဲ ဖြစ်သင့်ကြောင်းနဲ့ အခုအချိန်မှာ မြေပြင်က ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့ အကူအညီတွေ မရကြဘူးလို့ ကြားရကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ထိခိုက်လွယ်တဲ့ ပြည်သူတွေအတွက် အထူးပဲ စိုးရိမ်မိတယ်လို့ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ သုံးရမှာဖြစ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမပြုသင့်ဘူးလို့ လည်း ဗြိတိန်သံအမတ်ကြီး ဂျိန်းစ် ကာရီယူကီ က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်

https://www.rfa.org/burmese/news/unsc-private-meeting-myanmar-military-coup-08182021180557.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.