Breaking

August 20, 2021

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ICC တရားရုံးအဖွဲ့ဝင် ဖြစ်ဖို့ NUG ကြိုးပမ်းနေ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)

2021-08-19

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို ရပ်တန့်ဖို့ ကြိုးပမ်းရာမှာ၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဟာ မြန်မာ နိုင်ငံ ကိုယ်စားပြုပြီး၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကို တရားစီရင်ခွင့် ပေးအပ်နိုင်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Fortify Rights အဖွဲ့က အစီရင်ခံစာ တစောင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ NUG အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး Rome Statue စာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်ရင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးကို အိုင်စီစီတရားရုံးကနေ စီရင်ခွင့် ရစေမယ့် အလားအလာနဲ့ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို သုံးသပ်ထားတာ ဖြစ်ပါတယ်။

မနေ့က ပြုလုပ်တဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ ဆွေးနွေးပွဲမှာ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက NUG အနေနဲ့လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICC တရားရုံး အဖွဲ့ဝင်နိုင်ငံဖြစ်အောင် ဆောင်ရွက်နေကြောင်း ပြောသွားပါတယ်။

“’ဒီနေ့ ကျွန်တော် အထူးကြေညာချက်တခု ထုတ်ပြန်လိုပါတယ်။ NUG အစိုးရအနေနဲ့ ICC တရားရုံးရဲ့ Rome Statue စာချုပ် အဖွဲ့ဝင်ဖြစ်လိုကြောင်း ဇူလိုင်လ ၁၇ရက်က အိုင်စီစီကို စာရေးသား ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ဒီစာထဲမှာ အိုင်စီစီ တရားရုံးရဲ့ Article 12 အပိုဒ် ၃ အရ ၊ ၂၀၀၂ခုနှစ် ဇူလိုင်လ ၁ရက်နေ့ကစပြီး၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ လေ့လာစုံစမ်းခြင်း၊ ရုံးတင် တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို တရားရုံးရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ NUG အစိုးရဟာ အိုင်စီစီ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။ ဒီစာကို NUG လက်ရှိယာယီသမ္မတဖြစ်သူက လက်မှတ် ရေးထိုးထားပါတယ်။ NUG အစိုးရအနေနဲ့ တရားမျှတမှု နဲ့ တာဝန်ခံမှုတွေ ရှိဖို့ ICC တရားရုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်။ ”

238246962_10160251037805864_6108839907962334824_n.jpg
ICC ကို တရားစီရင်ခွင့် ပေးအပ်နိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ ဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့စဉ်။

Fortify Rights အဖွဲ့ တည်ထောင်သူ မက်သရူး စမစ်က NUG အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူ စာချုပ်တခုကို ပါဝင်လက်မှတ်ရေးထိုးတာဟာ နိုင်ငံတကာ ဥပဒေတွေအရ တရားဝင် ဖြစ်မဖြစ် သုံးသပ်ပြောကြားသွားပါတယ်။

"ကျွန်တော်တို့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာရဲ့ ပထမဆုံး အခန်းမှာ NUG အစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအရ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ အခွင့်အာဏာရှိမရှိ သုံးသပ်ထားတာပါ။ ဒီအစီရင်ခံစာထဲမှာတော့ ကိုယ်စားပြုခွင့် ရှိတယ်လို့ ကောက်ချက် ချထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း Article 21 မှာ၊ “ပြည်သူတွေရဲ့ စိတ်ဆန္ဒသည် အစိုးရတရပ်ရဲ့ အာဏာပိုင်စိုးမှုအတွက် အခြေခံဖြစ်ရမည်” လို့ ဆိုထားပါတယ်။ မြန်မာပြည်သူတွေဟာ NUG ကို သူတို့ရဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ် တခဲနက် ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုတော့ ပြည်သူအားလုံးနီးပါးက ဆန့်ကျင်နေကြပါတယ်။ ဒီလို ဆန့်ကျင်တာဟာ စစ်ခေါင်းဆောင်တွေက ပြည်သူတွေအပေါ် ရက်ရက်စက်စက် နှိမ်နှင်းခဲ့တဲ့ သွေးမြေကျ ဖြစ်ရပ်တွေကြောင့်တင် မဟုတ်ပါဘူး။ ဒါဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့နောက် ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ ရင်းပြီး လက်စားချေဖို့ ကြိုးစားတဲ့ အာဏာရှင်တွေရဲ့ တရားမဝင် လုပ်ရပ်ကြောင့် ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ပြီး နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် နိုင်ငံပိုင်နက်တွေကို ထိန်းချုပ်ထားနိုင်ရုံနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လုပ်ဆောင်ဖို့ အခွင့်အာဏာမရှိကြောင်း ကျွန်တော်တို့ရဲ့ အစီရင်ခံစာထဲမှာ ရှင်းပြထားပါတယ်"

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့လည်း စစ်တပ် ဒါမှမဟုတ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နိုင်ငံတွေမှာ စစ်ခေါင်းဆောင် မဟုတ်တဲ့သူတွေကို နိုင်ငံကိုယ်စားပြုအစိုးရအဖြစ် အခွင့်အာဏာရှိသူအဖြစ် သတ်မှတ်ခဲ့တဲ့ ဥပမာတွေ အမြောက်အများရှိခဲ့ကြောင်း၊ ဥပမာအနေနဲ့ ဆီရာလီယွန် နိုင်ငံမှာ ၁၉၉၇ခုနှစ် စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်းနဲ့ ဟေတီနိုင်ငံမှာ ၁၉၉၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွေမှာ ကုလသမဂ္ဂက အာဏာမသိမ်းခင်က ရှိခဲ့တဲ့ အစိုးရတွေကိုသာ တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင်လည်း ၁၉၈၀ ပြည့်နှစ်တွေအတွင်းက ပြည်ပရောက်အစိုးရတွေကပဲ နိုင်ငံကို ကိုယ်စားပြုပြီး လူ့အခွင့်အရေးစာချုပ်စာတမ်းတွေ၊ နိုင်ငံတကာသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာ တွေ့နိုင်တဲ့အကြောင်း၊ မတ်သရူး စမစ်က ထောက်ပြပြောဆိုသွားပါတယ်။

fortify-right.jpg
ICC ကို တရားစီရင်ခွင့် ပေးအပ်နိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ Fortify Rights အဖွဲ့ သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာ။

ဆက်လက်ပြီး အမေရိကန်နိုင်ငံအခြေစိုက် ရောဘတ် ကနေဒီ လူ့အခွင့်အရေးစင်တာက ကယ်ရီ ကနေဒီက ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် အဓိကတာဝန်ရှိသူဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြီးအကဲအဖြစ် ကိုယ့်ကိုယ်ကို ခန့်အပ်လိုက်တာကိုထောက်ပြပြီး လွန်ခဲ့တဲ့သုံးနှစ်ကသာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်ခဲ့ရင် ဒီနေ့ အာဏာသိမ်းမှု ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်သွားပါတယ်။

NUG အစိုးရက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး Rome Statue ကို လက်မှတ်ရေးထိုးတာကို Rome Statue အဖွဲ့ဝင် ဖြစ်ပြီးသား နိုင်ငံတွေက ကန့်ကွက်ခွင့် ရှိပေမယ့် စစ်ကောင်စီကို အားပေးထောက်ခံနေကျ နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အရှေ့တောင်အာရှ နိုင်ငံ တော်တော်များများဟာ Rome Statue အဖွဲ့ဝင် မဟုတ်တဲ့အတွက် NUG အစိုးရက လက်မှတ်ရေးထိုးတာကို ကန့်ကွက်နိုင်တဲ့ အခြေအနေ မရှိဘူးလို့လည်း Fortify Rights အဖွဲ့က မက်သရူးစမစ်က သုံးသပ်ပါတယ်။

မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူနိုင်မယ် ဆိုရင် အနာဂတ်မှာ အလားတူကျူးလွန်မှုတွေ မဖြစ်အောင် တားဆီးနိုင်ပြီး၊ မြန်မာနိုင်ငံကို တရားမျှတမှုလမ်းကြောင်းပေါ် ရောက်ရှိလာစေမယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။

 https://www.rfa.org/burmese/news/nug-icc-coup-08192021195229.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.