Breaking

February 27, 2022

ICJ ကြားနာပွဲ တတိယနေ့ စစ်ကောင်စီဘက်က အပြီးသတ်လျှောက်လ

 ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)

2022.02.25


ICJ ကြားနာပွဲ တတိယနေ့ စစ်ကောင်စီဘက်က အပြီးသတ်လျှောက်လဲ 
 ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။
Photo: ICJ

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲဆိုထားတဲ့ အမှုအတွက် ကြားနာစစ်ဆေးမှု တတိယနေ့အဖြစ် မနေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ တရားရုံးမှာ ဆက်လက်ပြုလုပ်ခဲ့ရာမှာ၊ စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေက ဒီအမှုကို ICJ တရားရုံးက စစ်ဆေးစီရင်ခွင့်မရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။

ICJ တရားရုံးမှာ ဒုတိယအကြိမ် လေးရက်ကြာ ကြားနာစစ်ဆေးမှုတွေကို ပြုလုပ်နေရာမှာ မနေ့က ဖေဖော်ဝါရီ ၂၅ ရက်က မြန်မာနိုင်ငံဘက်က အပြီးသတ်လျှောက်လဲချက် ပေးခဲ့တာ ဖြစ်ပါတယ်။

မနေ့က ကြားနာစစ်ဆေးမှုအတွင်းမှာ စစ်ကောင်စီက ငှားရမ်းထားတဲ့ ဥပဒေပညာရှင်အဖွဲ့ထဲက ရှေ့နေ Christopher Staker က အိုင်စီဂျေ တရားရုံးဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ ဖြစ်ရပ်အားလုံးကို စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ဥပဒေအရ စီရင်ခွင့်ရှိကြောင်း သတ်မှတ်ပြဌာန်းထားတဲ့ အမှုတွေကိုသာ စစ်ဆေးရမှာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗန်းရှင်းပါ ပြဌာန်းချက်တွေဟာ ဘယ်လောက်ပဲ အရေးကြီးသည်ဖြစ်စေ၊ အိုင်စီဂျေ တရားရုံးရဲ့ စီရင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ တရားရုံးက ကိုင်တွယ်မယ့် အမှုတစ်ခုရဲ့ တရားဝင်ဖြစ်မှုအတွက် သတ်မှတ်ပြဌာန်းထားတဲ့ နိုင်ငံတကာဥပဒေတွေကို လွန်ဆန်လို့ မရပါဘူး။ အထူးသဖြင့် သဘောတူစာချုပ်ထဲက အချို့ စည်းမျဉ်းတွေကို ခြွင်းချက်အဖြစ် ချန်လှပ်ထားခဲ့တာကိုလည်း လက်ခံရပါမယ်”

ဖေဖော်ဝါရီလ ၂၁ရက်နေ့ကစစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေက ပထမအချီ လျှောက်လဲရာမှာ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ OIC ရဲ့ တိုက်တွန်းချက်အရ မြန်မာနိုင်ငံကို အိုင်စီဂျေ မှာ တရားစွဲဆိုတာဖြစ်တဲ့အတွက် ဒီအမှုဟာ တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲရာမှာတော့ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ အကြံဥာဏ်ကို ဂမ်ဘီယာနိုင်ငံက သူတို့ဖာသာရခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံဟာ OIC နိုင်ငံတွေရဲ့ ခေါင်းဆောင်မှု နေရာကို ရယူပြီး မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာ ဖြစ်တဲ့အတွက် ဒီအမှုဟာ အိုင်စီဂျေတရားရုံးက လက်ခံစစ်ဆေးဖို့ တရားဝင်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က အခုလိုပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး OIC အဖွဲ့ဟာ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ ဂမ်ဘီယာနိုင်ငံကို အဆိုပြုခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ် ဇူလိုင်လရောက်မှသာ မြန်မာနိုင်ငံကို တရားစွဲဖို့ အစီအစဉ်ကို ဂမ်ဘီယာလွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်တဲ့အကြောင်း၊ ဂမ်ဘီယာ နိုင်ငံဟာ ဒီအမှုအတွက် ကုန်ကျစရိတ်တွေကို OIC အဖွဲ့ဆီက ရခဲ့တာကိုလည်း မငြင်းဆန်ခဲ့တဲ့အကြောင်းနဲ့ အိုင်စီဂျေ တရားရုံး အနေနဲ့ နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို တရားစွဲဆိုတဲ့ အမှုတွေအတွက်သာ ကြားနာ စစ်ဆေးရမှာ ဖြစ်ပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ တရားစွဲဆိုမှုကို လက်ခံစစ်ဆေးခွင့် ရှိတယ်လို့ လမ်းဖွင့်ပေးထားတာ မရှိတဲ့အကြောင်း စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေအဖွဲ့ထဲက Christopher Staker က မနေ့က ကြားနာစစ်ဆေးမှုမှာ ထောက်ပြပြောဆိုသွားပါတယ်။

အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်တဲ့အကြောင်းနဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လက က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်း မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေထဲမှာ ပုဒ်မတစ်ခုအသစ် ထည့်သွင်းလိုက်တာကို ထောက်ပြပြီး၊ မြန်မာနိုင်ငံဟာ အိုင်စီဂျေတရားရုံးရဲ့ provincial measure ကြားဖြတ်အမိန့်ကို လိုက်နာဆောင်ရွက်နေတဲ့အကြောင်း စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ပြောသွားပါတယ်။

lawyer.jpg
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာအရေး ကြားနာပွဲကို တက်ရောက်လာသော ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်များ။

မနေ့က အိုင်စီဂျေတရားရုံး ပြင်ပမှာ လာရောက်ဆန္ဒပြနေတဲ့ နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ အာဏာသိမ်း စစ်ကောင်စီကို အိုင်စီဂျေတရားရုံးအမှုမှာ မြန်မာနိုင်ငံကိုယ်စားပြု လျှောက်လဲခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြသဖို့ လာရောက်ကြတာလို့ ပြောပါတယ်။

အလားတူပဲ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရဖို့နဲ့ စစ်တပ်ကောင်စီရဲ့လက်အောက်မှာ မတရားမှုအမျိုးမျိုးနဲ့ ကြုံနေရတဲ့ တိုင်းရင်းသား လူမျိုးအားလုံးအတွက် တရားမျှတမှုရဖို့ ကမ္ဘာက သိအောင် လာရောက်တောင်းဆိုတာဖြစ်တဲ့အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂ဂရက်မှာတော့ စစ်ကောင်စီရဲ့ ရှေ့နေတွေဘက်က လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အပြီးသတ် ချေပလျှောက်လဲမှာ ဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/myanmar-gambia-icj-hearing-day3-02252022173431.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.