Breaking

August 14, 2023

"ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်း" တို့ ကွာခြားပုံ

ကတ္တရာလမ်းကို (Flexible Pavement) လို့ ခေါ်ပြီး၊ ကွန်ကရိလမ်းကို (Rigid Pavement) လို့ ခေါ်ပါတယ်။ ဒါကတော့ ဗဟုသုတအနေနဲ့ အခေါ်အဝေါ်လေး ဝေမျှပေးတာပါ။

ကွာခြားချက်လေးတွေကို ဝေမျှပေးပါရစေ။
▪️အောက်ခံမြေလွှာကို သက်ရောက်မှု
ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်းတို့ရဲ့ ကွာခြားမှုတွေထဲက တစ်ခုကတော့ အောက်ခံမြေလွှာကို သက်ရောက်ပုံ မတူကြတာပဲဖြစ်ပါတယ်။
ဘယ်လိုမတူတာလဲ?
ကွန်ကရစ်လမ်းဟာ ကတ္တရာလမ်းထက် ပိုပြီး မာကျောတာမို့ အောက်ခံမြေလွှာကို သိပ်ပြီး မသက်ရောက်ပါဘူး။
ကတ္တရာလမ်းကတော့ တောင့်တင်းခိုင်မာမှု အားနည်းတာကြောင့် အောက်ခံမြေလွှာက (ယဥ်များ) ရဲ့ ဝန်အလေးချိန်ကို ပိုပြီး ခံကြရပါတယ်။
အဲ့ဒါကြောင့် ယဥ်ဘရိတ် ဆောင့်နင်းတာကို များများခံရတဲ့ နေရာမျိုးတွေမှာ ကတ္တရာလမ်း လှိုင်းတွန့်တာမျိုးတွေကို မြင်တွေ့ရလေ့ ရှိပါတယ်။
▪️ကြာရှည် ခံနိုင်မှု
ကျောက်တုံး၊ ကျောက်သားလေးတွေရဲ့ စုပေါင်းမှုအားက အရေးပါလွန်းတာကြောင့် ကွန်ကရစ်လမ်းက ကတ္တရာလမ်းထက် ပိုပြီး မာကျောပါတယ်။ သက်တမ်းအားဖြင့် ပြောရရင်တော့ စံချိန်စံညွှန်းမီတဲ့ ကွန်ကရစ်လမ်းက ကတ္တရာလမ်းထက် (၂) ဆနီးပါး ခံနိုင်ရည် ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ နည်းပညာသစ်နဲ့ တည်ဆောက်ထားတဲ့ ကွန်ကရိလမ်းကို နှစ်ပေါင်း (၆၀) လောက် သက်တမ်းအထိ ခံနိုင်ရည်ရှိမည်လို့ ဆောက်လုပ်ရေး ပညာရှင်များက
ခန့်မှန်းထားကြပါတယ်။
▪️ကုန်ကျစရိတ်နဲ့ ဆောက်လုပ်မှု ကြာချိန်
“More Cost for Better Things” တဲ့။ ပိုကောင်းတာတွေက စရိတ်ပိုများကြပါတယ်။
အပေါ်က နှစ်ချက်နဲ့တင် ကွန်ကရစ်လမ်းက ပိုကောင်းတာက ထင်ရှားနေပြီမို့ ဈေးနှုန်းကလည်း ကွန်ကရစ်လမ်းက ပိုကုန်ကျမှာပါပဲ။ ဒါပေမယ့် ရေရှည်မှာ ပြုပြင်ထိန်းသိမ်းမှု စရိတ်က သက်သာသွားပြန်ပါတယ်။ ကတ္တရာလမ်းက ခင်းကာစမှာ ဈေးသက်သာတယ်ဆိုပေမယ့် ရေရှည်မှာ Maintenance Cost က ပိုကြီးပါတယ်။
▪️ထိန်းသိမ်း ပြုပြင်မှု
ကွန်ကရစ်လမ်းက ထိန်းသိမ်းပြုပြင်ရာမှာ ပိုပြီး ခက်ခဲပါတယ်။ မကြာခဏ ပြင်နေဖို့လည်း မလိုအပ်ပါဘူး။
ကွန်ကရစ်လမ်း ကျိုးပဲ့ ပျက်စီးသွားရင် တစ်နေရာတည်းကို ကွက်ပြီး ပြန်ပြင်လို့ မရတာမို့ Slab ပြင် တစ်ခုလုံး ကို ပြုပြင်ပေးရပါတယ်။
ကတ္တရာလမ်းကတော့ မကြာခဏ ပြုပြင်ပေးရလေ့ ရှိပါတယ်။ သူ့အပေါ်ကို စက်ဆီ၊ ချောဆီတွေ ဖိတ်ကျရင်လည်း ပျက်စီးဖို့ ပိုပြီးလွယ်ကူပါတယ်။ ဒါပေမယ့် တစ်နေရာတည်းကိုပဲ ကွက်ပြီး ပြုပြင်တာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။
ကွန်ကရစ်လမ်းမှာ အက်ကွဲကြောင်းရာတွေ ဖြစ်လာရင် ကတ္တရာနဲ့ ပြန်ပြီး ဖာလို့ရပါတယ်။ ကတ္တရာလမ်း ခင်းရင် လမ်းကြိတ်စက်ကြိတ်နင်းပေးရပြီးတော့ ကွန်ကရိခင်းရင်တော့ နင်းပေးဖို့ မလိုပါဘူး။
▪️Road Safety
ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံမှု အပိုင်းအရဆိုရင်တော့ ကတ္တရာလမ်းက ပိုသာပါတယ်။ ကတ္တရာလမ်းက လမ်းနဲ့ ကားဘီးကြားမှာ ကုတ်မှုအား ပိုကောင်းတာကြောင့် ယဉ်ဘီးချော်ခြင်းတွေကို အထိုက်အလျောက် မဖြစ်စေပါဘူး။
▪️ဆီစားနှုန်း
ဒါတော့ ကွန်ကရစ်လမ်းက ပိုသာပါတယ်။ ကွန်ကရစ်လမ်းပေါ် မောင်းတာက ကတ္တရာလမ်းပေါ်မောင်းတာထက် ၁၅% ကနေ ၂၀% အထိ ပိုပြီး သက်သာစေပါတယ်။
▪️သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု
ကတ္တရာလမ်းခင်းမယ်ဆိုရင် အရင်ဆုံး ကတ္တရာကို အပူပေးရတာမို့ မီးခိုးငွေ့တွေထွက်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပေမယ့် ကွန်ကရစ်လမ်းခင်းရာမှာတော့ အဲ့ပြဿနာတွေ မရှိပါဘူး။
▪️သဘာဝ သယံဇာတများ
ကတ္တရာကို “ရှားပါး”သဘာဝ သယံဇာတတွေထဲက တစ်ခုဖြစ်တဲ့ ရေနံကနေ ထုတ်ယူရပါတယ်။ ဘိလပ်မြေကိုတော့ နေရာအနှံ့အပြားမှာ “ပေါများစွာ” တွေ့ရတဲ့ ထုံးကျောက်တောင်ကနေတဆင့် ထုတ်ယူရရှိတာပဲ ဖြစ်ပါတယ်။
▪️ထပ်ခါတလဲလဲ အသုံးပြုနိုင်မှု
ကတ္တရာဖြစ်စေ၊ ကွန်ကရစ်ဖြစ်စေ Recycle အသုံးပြုနိုင်ပါတယ်။ စွန့်ပစ်ကတ္တရာအဟောင်းတွေကို အရည်ကျိုချက်ပြီး ထပ်ခါတလဲလဲ အသုံးပြုနိုင်သလို၊ ကွန်ကရစ်လမ်းဟောင်းက ကွန်ကရစ် အစအနတွေကိုလည်း ခွဲစိတ်ပြီး အောက်ခံ မြေနင်းအလွှာအဖြစ် ပြန်လည် အသုံးပြုနိုင်ပါတယ်။
▪️သက်တောင့်သက်သာ ဖြစ်စေမှု
သုတေသနများအရ ကွန်ကရစ်လမ်းပေါ် ကားတွေ ဖြတ်သန်းသွားတဲ့အခါမှာ ဖြစ်လာတဲ့ တုန်ခါမှုက ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုထက် (၃ဆ)ကနေ (၄ဆ) အထိ ပိုတယ်လို့ ဆိုကြပါတယ်။
ကွန်ကရစ်လမ်းတွေမှာ Expansion Joint တွေ ရှိတာမို့ တုန်ခါမှုကို ပိုဖြစ်စေတာပါ။ အဲ့ဒါကြောင့် တုန်ခါမှုနည်းတဲ့ ကတ္တရာလမ်းတွေဟာ ယဉ်စီးတဲ့သူတွေကို ပိုပြီး သက်တောင့် သက်သာ ဖြစ်စေပါတယ်။
▪️ကားတာယာ တိုက်စားခံရခြင်း
မျက်နှာပြင် ပိုကြမ်းတဲ့ ကွန်ကရစ်လမ်းတွေက ပွတ်တိုက်စားမှု ပိုဖြစ်စေတာမို့ ကားဘီး တာယာစားမှုနှုန်း ပိုများပြီး ဆူညံမှုကိုလည်း ပိုဖြစ်စေပါတယ်။
▪️မိုးရေကြောင့်ဖြစ်သော ပြဿနာများ
မိုးရေထိဖန် များလာတဲ့အခါ ကတ္တရာလမ်းမှာ ကတ္တရာနဲ့ လမ်းခင်းကျောက်များရဲ့ စွဲမြဲမှုအားကို နည်းလာစေပါတယ်။ အဲ့ဒါကြောင့် ကတ္တရာကွာတာတွေ ဖြစ်လာပြီးတော့၊ ကတ္တရာလှိုင်းတွန့်တာတွေလည်း အဖြစ်များလာပါတယ်။
ကြာလာတဲ့အခါ ကတ္တရာလမ်းသားအောက်မှာ မိုးရေ ဝပ်တာကိုလည်း ကြုံလာရမှာပါ။ အဲ့ဒါကြောင့် ကတ္တရာလမ်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများဖြစ်ခြင်း ၊ လမ်းပေါက်များဖြစ်ခြင်း (Pot holes)ကိုလည်း တွေ့လာရပါတယ်။
ကတ္တရာလမ်းက ဒီလို ပြဿနာတွေ အဖြစ်များတာမို့ မြန်မာနိုင်ငံရဲ့ မိုးများတဲ့ ဒေသတွေမှာဆိုရင် ကတ္တရာလမ်းအစား ကွန်ကရစ်လမ်းတွေကိုပဲ ပြောင်းခင်းလာကြပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.